လက်ပန်ခါးရည် (၅)ဗူးကို ငွေကျပ် သိန်း (၂၀၀)ဖြင့် ဝယ်ယူခဲ့ပြီး ပြန်လည် စမ်းသပ်ရာမှ အတုများဖြစ်နေ

383

ဇွန်(၄) AlinnMyay(အလင်းမြေ)

သံများကျိုးနိုင်သော လက်ပန်ခါးရည် ( ၅ )ဗူးအား ငွေကျပ်သိန်း ( ၂၀၀ )ဖြင့် ဝယ်ယူခဲ့ပြီး ပြန်လည် စမ်းသပ်ရာမှ ဆေးရည်အတုများဖြစ်နေသောကြောင့် အမှုဖွင့် တိုင်တန်းခဲ့ရသည့် ဖြစ်စဉ် တောင်ငူမြို့တွင် ဖြစ်ပွါးခဲ့သည် ။

တောင်ငူမြို့ ၂၃ ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် မေ ၂၁ ရက် မနက် ၁၀ နာရီအချိန်တွင် ဦးစိုးမြင့် ( ၆၁ ) နှစ် ဇေယျာခင်ဦး ၊ ၂လမ်း ၊ ၂၁ ရပ်ကွက် တောင်ငူမြို့နေသူသည် မိတ်ဆွေ ၂ ဦးနှင့်အတူ အဆိုပါ နေအိမ်တွင် ကျော်မိုး ( ၄၂ )နှစ် ၊ ကမွန်းချုံကျေးရွာ ၊ ထန်းတပင်မြို့နယ်နေသူနှင့် သံများကျိုးနိုင်သော လက်ပန်ခါးရည် အရောင်းအဝယ်လုပ်ရန်အတွက် ချိန်းဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည် ။

ယင်းနောက် ကျော်မိုး ယူဆောင်လာသော လက်ပန်ခါးရည် စစ်စစ်ရေသန့်ဗူး ( ၁ )ဗူးအတွင်း ၄ လက်မ သံချောင်းအား ထည့်ပြီး စမ်းသပ်ခဲ့ရာ သံချောင်းမှာ ညင်သာစွာကျိူးသွားသဖြင့် ၁ဗူးလျှင် ငွေကျပ် သိန်း( ၄၀ ) ၊ ၅ ဗူး ငွေကျပ်သိန်း ( ၂၀၀ )ဖြင့် လက်ငင်းစနစ်ဖြင့် ဝယ်ယူခဲ့ကြောင်းသိရသည် ။

ထိုသို့ဝယ်ယူပြီးနောက် အဆိုပါ လက်ပန်ခါးရည် ရေသန့်ဗူး ( ၅ )ဗူးအား မြဝတီမြို့ ၊ ရပ်ကွက် ၄ ၊ အေးသာယာ ၁ လမ်းရှိ နေအိမ်တစ်လုံးတွင် ပြန်လည် စမ်းသပ်ခဲ့ရာ သံချောင်းမှာ မကျိုးတော့ကြောင်းသိရသည် ။

သံချောင်းများကျိုးနိုင်သော လက်ပန်ခါးရည် အစစ်ဟုပြောဆိုရောင်းချလိုက်ပြီး ပြန်လည်းစမ်းသပ်ခဲ့ရာ သံချောင်းမကျိုးတော့သည့်အတွက် လိမ်လည်ရောင်းချခဲ့သည်ဟုဆိုကာ ဦးစိုးမြင့် မှ တရားလိုလုပ် တိုင်တန်းလာသဖြင့် တောင်ငူမြို့ အမှတ် ၃ နယ်မြေရဲစခန်းတွင် ကျော်မိုး အား (ပ ) ၂၅၂ /၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့် ဆောင်ရွက်နေကြောင်းသိရသည် ။

နေလင်းအောင်(တောင်ငူ) #AlinnMyay(အလင်းမြေ)
#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here