ကားပစ္စည်းဆိုင်ပိုင်ရှင်လင်မယားအိပ်နေတုန်း ဓါးထောက်လုဖို့ ကြံစည်ရင်း မအောင်မြင်ပဲ အချင်းချင်း စကားများလူသတ်မှုဖြစ်

1250

ကားပစ္စည်းဆိုင်လုပ်သားများမှ ဆိုင်ပိုင်ရှင်ကို ဓါးထောက်လုရန်ကြံစည်ရာ မအောင်မြင်ပဲ လုပ်သားအချင်းချင်း စကားများ လူသတ်မှုဖြစ်

ဧပြီ (၁၉) AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးခွန်မြို့နယ်၊ (စျ)ရပ်ကွက်၊ ၆၅လမ်းနှင့် သခင်ဖိုးလှကြီးလမ်းထောင့် ပပ-၇/၁ စန်းထူး ကားပစ္စည်းရောင်းဝယ်ရေး ဆိုင်ပိုင်ရှင်မှ နေအိမ်သုံးလွှာအပေါ်ထပ်တွင် အိပ်ပျော်နေစဉ် မြေညီထပ် ဆိုင်ခန်းသံပန်းလေးခေါက်ချိုးတံခါး ဖွင့်သံကြား၍ ဝရန်တာသို့ ထွက်ကြည့်ရာ ဆိုင်ရှေ့တွင် လူငယ်တစ်ဦး ဆိုင်ကယ်အားစက်နှိုးရန်ပြင်ဆင်နေစဉ် သူခိုးဟုအော်လိုက်ရာ ထိုလူငယ်မှာ ထွက်ပြေးသွားသဖြင့် ဆိုင်ရှင်၏ ဇနီးဖြစ်သူမှ ပြေးဆင်းလာရာ ဒုတိယထပ် လှေကားတွင် ဆိုင်လုပ်သား ချိုမင်း (၂၈) သည် လည်ပင်းထိုးသွင်း ဒဏ်ရာ(၁)ချက်ဖြင့် ပက်လက်အနေထားဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရ၍ လူသတ်သွားသူအား အရေးယူပေးရန် တိုင်တန်းခဲ့ကြောင်းသိရသည်။

အဆိုပါအမှုအား ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့မှ အခင်းဖြစ်ရာနေရာနှင့် သေဆုံးသူအလောင်းအား သွားရောက်စစ်ဆေးခဲ့ရာတွင် သေဆုံးသူ၏ လက်ကိုင်ဖုန်းနှင့် ထွက်ပြေးသွားသူ တရားခံမှ ကျန်ရှိခဲ့သော လက်ကိုင်ဖုန်းတို့အား စစ်ဆေးရာတွင် သေဆုံးသူကျရှိခဲ့သော လက်ကိုင်ဖုန်းတွင်း ဆိုင်တွင်ကျန်ရှိနေသော ဆိုင်လုပ်သား ငြိမ်းချမ်းသူကိုင်ဆောင်သော ဖုန်းနှင့် ဆက်သွယ်ထားကြောင်း သိရ၍ ဆိုင်လုပ်သား ငြိမ်းချမ်းသူ(၁၇) နှစ် အား မေးမြန်းရာတွင် ဆိုင်လုပ်သား ငြိမ်းချမ်းသူ သည် ထွက်ပြေးသွားသော တရားခံမှာ မလှိုင်မြို့နယ်၊ ညောင်ပင်ကုန်းကျေးရွာ နေသူ သူ၏အကိုဖြစ်သူ သက်နိုင်စိုး (၁၉) နှစ်ဖြစ်သည်ဟု သိရှိခဲ့ရကြောင်း ရဲမှတ်တမ်းများအရသိရသည်။

ထွက်ပြေးသွားသော တရားခံ သက်နိုင်စိုးအား ရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးရာ ရန်ကုန်-မန္တလေးလမ်း လမ်းဟောင်းအတိုင်း ထုံးဘိုဂိတ်အကျော် စက်ကွေ့အနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိခဲ့သော တရားခံ သက်နိုင်စိုးအား စစ်ဆေးမေးမြန်းရာတွင် သေဆုံးသူ ချိုမင်း၏ ဇနီး မနှင်းရီမှာ ၄င်း၏ အဒေါ်တော်စပ်ကြောင်း၊ ဆိုင်တွင်ကျန်ရှိနေသော ဆိုင်လုပ်သား ငြိမ်းချမ်းသူမှာ ၄င်း၏ ညီဖြစ်ကြောင်း၊ သေဆုံးသူ ချိုမင်းနှင့် ငြိမ်းချမ်းသူတို့ မှာ စန်းထူး ကားပစ္စည်းဆိုင်တွင် ညအိပ်ညနေ အလုပ်သမားများဖြစ်ကြောင်း၊ တရားခံသက်နိုင်စိုးသည်လည်း ထိုဆိုင်တွင် လွန်ခဲ့သော (၂)နှစ်က အလုပ်လုပ်ခဲ့ဖူးကြောင်း သိရသည်။

အခင်းဖြစ်ပွားရသည့် အကြောင်းအရင်းမှာ တရားခံ သက်နိုင်စိုးအား ချိုမင်း(သေဆုံးသူ) နှင့် ညီဖြစ်သူ ငြိမ်းချမ်းသူတို့မှ ဖုန်းဖြင့်ဆက်၍ စန်းထူးကားပစ္စည်းဆိုင်အား ဓါးထောက်လုယက်ရန်ကြံစည်ခဲ့ကြပြီး သက်နိုင်စိုးမှ ၄င်းနေထိုင်ရာ ညောင်ပင်ကုန်းကျေးရွာမှ ည (၁၁)နာရီတွင် ထွက်လာရာ မန္တလေးသို့ မနက် ၃ နာရီတွင် ရောက်ရှိကာ ညီဖြစ်သူ ငြိမ်းချမ်းသူအားဖုန်းဆက်၍ အသိပေးခဲ့ကြောင်း၊ ညီဖြစ်သူ ငြိမ်းချမ်းသူနှင့် ချိုမင်း(သေဆုံးသူ) နှစ်ဦးမှ သံပန်းခေါက်တံခါးအား တွန်းဖွင့်ပေးပြီး ၄င်းတို့ သုံးဦးလုံး အပေါ်ထပ်သို့ တက်သွားခဲ့ကြောင်း၊ သေဆုံးသူ ချိုမင်းမှ ဆိုင်ရှင်လင်မယား အိပ်သည့် အခန်းသော့အား ယူထားပြီး သော့ဖွင့်ပြီးနောက် အချိန်မရှိတော့၍ လုယက်ရန်မဖြစ်နိုင်တော့ကြောင်းပြောပြီး မြေညီထပ်သို့ ပြန်ဆင်းခဲ့ရကြောင်း၊ ငြိမ်းချမ်းသူမှာ အိပ်နေကျ ထပ်ခိုးပေါ်သို့ ပြန်တက်သွားကြောင်း၊ ထို့နောက်တွင် ချိုမင်းမှ သက်နိုင်စိုးအား အလုပ်မဖြစ်၍ ပြန်ခိုင်းရာ သက်နိုင်စိုးမှ ပြန်ရန်လမ်းစရိတ်မရှိတောလို့ ဘယ်လိုပြန်ရမလဲဟု အချင်းချင်းစကားများကာ ချိုမင်းမှ လက်သီးဖြင့်ထိုးသဖြင့် သက်နိုင်စိုးမှ ဓါးဖြင့် တွက်လိုက်ရာ လည်ပင်းအားထိပြီး ထပ်မံ၍လည်ပင်းအား ဓါးဖြင့်ထိုးရာ ချိုမင်းလဲကျသွားခဲ့ကြောင်း ဆိုင်ထဲရှိ စကိုးဖီလ်ဆိုင်ကယ်အား ဆိုင်ရှေ့သို့ တွန်းထုတ်ပြီး ဆိုင်ကယ်အား စက်နှိုးနေစဉ် အပေါ်ထပ်မှ သူခိုးသူခိုးဟု အော်သံကြား၍ ဆိုင်ကယ်အား ထားခဲ့ပြီး ထွက်ပြေးခဲ့ကြောင်း လမ်းတွင် သက်သေခံဓါးအား လွှင့်ပစ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ရဲမှတ်တမ်းအရသိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်သေခံပစ္စည်းများကို ရှာဖွေသိမ်းဆည်းရမိကာ အမှုနှင့် ပတ်သက်သည့် တရားခံသက်နိုင်စိုး၏ ညီဖြစ်သူ ငြိမ်းချမ်းသူ (၁၇) နှစ် အား စစ်ဆေးရန်ထိန်းသိမ်းထားရှိခဲ့ကြောင်း နှင့် အမှုအား စက်မှုနယ်မြေရဲစခန်းမှ (ပ)၁၃၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ အရ အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

မန္တလေးရင်ခတ်သံ #AlinnMyay(အလင်းမြေ)
#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here