လယ်ယာမြေကိုခွင့်ပြုချက်မရမီ အခြားနည်းသုံးစွဲခြင်းဆောင်ရွက်ပါက လယ်ယာမြေဥပဒေအရ အရေးယူခြင်းခံရမည်

587

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရုံးအမှတ်(၁၅) ၌ ကျင်းပသည်။

အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က လယ်ယာမြေကို ခွင့်ပြုချက်မရမီ အခြားနည်းသုံးစွဲခွင့် ကြိုတင်ဆောင်ရွက်ခြင်းမရှိစေရေးနှင့် ခွင့်ပြုချက်မရရှိမီ အခြားနည်းသုံးစွဲခြင်းကိစ္စရပ်များ လုံးဝရပ်တန့်သွားအောင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယနေ့ ပြည်သူလူထု အကြား ရေပန်းစားနေသည့် လူမှုကွန်ယက်မီဒီယာလောကတွင် လယ်ယာမြေများကို အိမ်ရာခြံမြေအဖြစ် အကွက်ရိုက်ရောင်းချမှုကြော်ငြာများဖြင့် ဆောင်ရွက်နေသည်များကို တွေ့မြင်နေရပါကြောင်း၊ ယခုကဲ့သို့ လယ်ယာမြေများကို ခွင့်ပြုချက်မရှိဘဲ စိုက်ပျိုးမြေလှပ်ထားခြင်း၊ အဆောက်အဦများခွင့်ပြုချက်မဲ့ ဆောက်လုပ်ခြင်း တို့ကို ဆောင်ရွက်ပါက လယ်ယာမြေဥပဒေအရ အရေးယူခြင်းခံရမည်ကို ပြည်သူလူထုအကြား သိရှိနားလည် စေရန်နှင့် ရောင်းမှားဝယ်မှားမဖြစ်စေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ အဖွဲ့ဒုတိယဥက္ကဌ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ကြပြီး အစည်းအဝေးတွင် အတွင်းရေးမှူး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က ဆွေးနွေးဆုံးဖြတ်ရမည့်လုပ်ငန်းများအား ဖတ်ကြားတင်ပြရာ အစည်းအဝေး တက်ရောက်လာကြသူများက အကြောင်းအရာတစ်ခုချင်းအလိုက် ဆွေးနွေးဆောင်ရွက်ကြသည်။

ယနေ့ကျင်းပသည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်၏ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန် သိမ်းယူခဲ့သည့် လယ်ယာမြေများအတွက် ဘဏ္ဍာနှစ်အလိုက် လျော်ကြေး၊ နစ်နာကြေးပေးချေရမည့်ကိစ္စ၊ ရန်ကုန်တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ လှည်းကူး မြို့နယ် အတွင်း စက်မှုဥယျာဉ်မြို့တော် စီမံကိန်းဆောင်ရွက်ရန်ကိစ္စနှင့်စပ်လျဉ်း၍ တင်ပြလာခြင်းကိစ္စ၊ ဌာနဆိုင်ရာ၊ သာသနာရေးဆိုင်ရာနှင့် ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်ရေးတို့အတွက် အခြားနည်းသုံးစွဲခွင့် လျှောက်ထား လာမှုကိစ္စရပ်များ၊ သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များမှ ပြန်လည်စိစစ်တင်ပြလာသော ကိစ္စရပ်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းကို လယ်ယာမြေအဖြစ် သတ်မှတ်ပေးရန် လျှောက်ထားလာသည့် ကိစ္စရပ်များအား ဆွေးနွေးဆောင်ရွက်ကြသည်။

၎င်းအပြင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအရ ခွင့်ပြုချက်မရရှိမီ ကြိုတင်အသုံးပြုထားသည့်အတွက် လယ်ယာမြေဥပဒေ ပုဒ်မ ၁၉ ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဒဏ်ကြေးငွေ ပေးဆောင်ရန် အဆိုပြုတင်ပြလာသော လုပ်ငန်းကိစ္စရပ်များ၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ အခြားနည်း အသုံးပြုခွင့်လုပ်ငန်းစာတွဲများနှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ ထောက်ခံချက်များဖြင့် ပြီးပြည့်စုံစွာတင်ပြလာသည့် လယ်ယာမြေဥပဒေပုဒ်မ ၃၀(က)အရ လယ်ယာမြေ အခြားနည်းသုံးစွဲခွင့် လုပ်ငန်းစာတွဲများနှင့် ပတ်သက်၍လည်းကောင်း၊ လယ်ယာမြေ ဥပဒေပုဒ်မ ၃၄ နှင့် လယ်ယာမြေနည်းဥပဒေ ၃၅၊ ၃၆ တို့အရ ယခင်အစိုးရကာလ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှု ဗဟိုအဖွဲ့မှခွင့်ပြုထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းကို လယ်ယာမြေအဖြစ် သတ်မှတ်ပေးရန် လျှောက်ထားလာသည့် လုပ်ငန်းစာတွဲများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အနေဖြင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များမှ လယ်ယာမြေအခြားနည်းသုံးစွဲ ခွင့်ပြုပါရန် စိစစ်တင်ပြလာသည့် လုပ်ငန်းစာတွဲများကို တည်ဆဲ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှန်ကန်မှု ရှိ မရှိစိစစ်ပြီး ခွင့်ပြုခြင်းနှင့် အတည်ပြုခြင်းဆိုင်ရာများကို ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

သတင်းစဉ် – MDN

LEAVE A REPLY

Please enter your comment!
Please enter your name here