ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ တိုးတက်မှုအခြေအနေများ

527

ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ တိုးတက်မှုအခြေအနေများ

(ပြည်တွင်းနိုင်ငံပိုင်သတင်းစာမျက်နှာဖြစ်သော Myanmar Digital News သတင်းစာမျက်နှာမှ တဆင့်ကူးယူဖော်ပြပါသည်။)

ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ ဒုတိယအကျော့ မပြီးသေးခင်အချိန်မှာ နောက်ထပ် တတိယအကျော့ပေါ်ပေါက်လာမှာကို စိုးရိမ်လျက်ရှိကြပါတယ်။ ဒါကြောင့်ပဲ ကမ္ဘာ့နိုင်ငံအသီးသီးက အစိုးရတွေအနေနဲ့ ကိုဗစ်-၁၉ တားဆီးထိန်းချုပ်ဆောင်ရွက်မှုတွေ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြပါတယ်။ အခုဆိုရင် ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူဦးရေဟာ ၅၈ သန်း ကျော်လွန်လာခဲ့ပြီဖြစ်သလို သေဆုံးသူဦးရေဟာလည်း ၁ ဒသမ ၃ သန်းကျော်လွန်လာပြီဖြစ်ပါတယ်။

အရေးမကြီးတဲ့ စီးပွားရေးလုပ်ငန်းတွေ ပိတ်ထားတဲ့ အီရန်

ဒီအချိန်မှာ အီရန်ဟာ သူ့နိုင်ငံရဲ့ မြို့ထက်ဝက်ကျော်ကျော်မှာရှိတဲ့ အရေး မကြီးတဲ့ စီးပွားရေးလုပ်ငန်းတွေကို သီတင်း ပတ်နှစ်ပတ်ကြာတဲ့အထိ ပိတ်ထားလိုက်ပြီး ကိုဗစ်-၁၉ ကို ထိန်းချုပ်ဟန့်တားဖို့အတွက် သွားလာလှုပ်ရှားမှုတွေနဲ့ဆိုင်တဲ့ တားမြစ် ကန့်သတ်ချက်တွေကို စတင်ကျင့်သုံး လိုက်ပါတယ်။
သို့သော်လည်း အီရန်နိုင်ငံဟာ ကိုဗစ်-၁၉ စတင်ဖြစ်ပွားခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး တစ်နိုင်ငံလုံးအတိုင်းအတာအထိ တားမြစ် ကန့်သတ်ချက်တွေ မကျင့်သုံးခဲ့ပါဘူး။ သမ္မတဟက်ဆန်ရူဟာနီကတော့ အရေးယူ ပိတ်ဆို့မှုတွေခံထားရတဲ့ နိုင်ငံရဲ့ စီးပွားရေး အခြေအနေအရ နောက်ထပ်ထပ်မံပိတ်ဆို့ ဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောပါတယ်။

ကာကွယ်ဆေးထိုးနှံမှုတွေလုပ်ဖို့ အီတလီ စီစဉ်
ကိုဗစ်-၁၉ ရောဂါ အဆိုးဆုံးခံစားခဲ့ရ တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အီတလီနိုင်ငံဟာ လာမယ့် ဇန်နဝါရီလမှာ အကြီးအကျယ် ကာကွယ်ဆေးထိုး လှုပ်ရှားမှုတွေလုပ်ဖို့ စီစဉ်ထားပါတယ်။

ပထမဆုံး ကာကွယ်ဆေးရမယ့်အချိန် မှာ ကာကွယ်ဆေးထိုးလှုပ်ရှားဆောင်ရွက်မှုတွေကို ဇန်နဝါရီလကုန်မှာ လုပ်သွားဖို့ မျှော်လင့်ထားပါတယ်လို့ ကျန်းမာရေး ဝန်ကြီး ရောဘာတိုစပီရန်ဆာက ပြောပါ တယ်။

ဒိန်းမတ်လယ်သမားတွေဆန္ဒပြ
ဒိန်းမတ်လယ်သမားများနဲ့ သားမွေးရ မြွေပါမွေးမြူသူများဟာ ကိုဗစ်-၁၉ ကူးစက် ပျံ့နှံ့မှုကို တားဆီးဖို့ အစိုးရရဲ့ မြွေပါတွေ သုတ်သင်သတ်ဖြတ်မယ့် ဆုံးဖြတ်ချက်ကို ဆန့်ကျင်တဲ့အနေနဲ့ ထွန်စက်တွေနဲ့ ဆန္ဒပြ ခဲ့ကြပါတယ်။
ဂျီ-၂၀ နိုင်ငံများ ကိုဗစ်ကာကွယ်ဆေးကို တစ်ကမ္ဘာလုံးရရှိဖို့ ဆွေးနွေး
ဂျီ-၂၀ နိုင်ငံတွေဟာ ဆော်ဒီလက်ခံ ကျင်းပတဲ့ ဆယ်စုနှစ်များအတွင်း ကမ္ဘာ့ အဆိုးရွားဆုံး စီးပွားရေးကျဆင်းမှုနဲ့ ကပ်ရောဂါစီမံခန့်ခွဲရေး အွန်လိုင်းအစည်း အဝေးမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို တစ်ကမ္ဘာလုံး ရရှိဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေး စမ်းသပ်ပြီး စိတ်ချရတဲ့အနေအထားရောက်ရင် အဲဒီ ဆေးကို နိုင်ငံတကာနဲ့ပူးပေါင်းပြီး ပမာဏ များများထုတ်လုပ်နိုင်ရေး အရှိန်မြှင့်တင်လုပ် ဆောင်နေတဲ့အချိန်မှာ ဂျီ-၂၀ ခေါင်းဆောင် တွေကလည်း နှစ်ရက်ကြာ အွန်လိုင်းအစည်း အဝေးမှာ ကိုဗစ်-၁၉ ရန်ပုံငွေထည့်ဝင်ရေး ခေါင်းချင်းရိုက် ဆွေးနွေးခဲ့ကြပါတယ်။

ရုရှား ကိုဗစ်ကူးစက်သေဆုံးမှု စံချိန်တင်

ရုရှားနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား သူ နှစ်သန်းကျော်လွန်လာပြီး နှစ်ရက်အကြာ မှာတော့ နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား သေဆုံးမှုဟာ စံချိန်တင်များပြားလာခဲ့ပါ တယ်။

ကျန်းမာရေးအာဏာပိုင်တွေက ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၂၄၈၂၂ ဦးရှိ ကြောင်း ဖော်ပြမှုနှင့်အတူ သေဆုံးသူလည်း ၄၇၆ ဦးတိုးလာကြောင်းဖော်ပြလိုက်ပါတယ်။ အခုဆိုရင် ရုရှားနိုင်ငံမှာ တစ်နိုင်ငံလုံး အတိုင်း အတာအနေနဲ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ပေါင်း ၂၀၆၄၇၄၈ ဦးရှိလာပြီး သေဆုံးသူပေါင်း ဟာလည်း ၃၅၇၇၈ ဦးရှိလာခဲ့ပါတယ်။

အဲဒီကိုဗစ်-၁၉ ကြောင့် သေဆုံးမှု ကိန်း ဂဏန်းဖော်ပြချက်ဟာ တခြားကမ္ဘာ့နေရာ တွေက ကိုဗစ်-၁၉ သေဆုံးမှု ကိန်းဂဏန်းဖော်ပြ ချက်တွေနဲ့ နှိုင်းယှဉ်လိုက်ရင်တော့ ပမာဏ နည်းသေးတယ်လို့ ဆိုရမလိုဖြစ်နေသော်လည်း ရုရှားနိုင်ငံအနေနဲ့ကတော့ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုနှုန်းအများဆုံးပါပဲလို့ ကျန်းမာရေး အာဏာပိုင်တွေက ပြောကြားထားပါတယ်။

ခရီးသွားလာမှုတွေမလုပ်ဖို့ ပိုလန်ဝန်ကြီးချုပ် သတိပေး

ပိုလန်ဝန်ကြီးချုပ် မာတက်ဇ် မိုရာဝစ်ကီ က ခရစ္စမတ်ကာလမှာ ခရီးသွားလာမှုတွေ မလုပ်ကြဖို့ သူ့ရဲ့နိုင်ငံသားတွေကို သတိပေး ထားပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါ ဘူး။ ကိုဗစ်-၁၉ တားမြစ်ကန့်သတ်ချက်တွေ ကာလကိုလည်း ထပ်မံတိုးမြှင့်ထားလိုက်ပါ သေးတယ်။ သို့သော်လည်း ဈေးဆိုင်တွေကို တော့ ပြန်လည်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

ပြဇာတ်ရုံတွေ၊ ဘားတွေနဲ့ စားသောက် ဆိုင်တွေကိုတော့ ခရစ္စမတ်ကာလပြီးတဲ့ အချိန်အထိ ဆက်လက်ပိတ်ထားရမှာ ဖြစ်ပါ တယ်။ ထို့အတူ ကျောင်းတွေအနေနဲ့လည်း အဝေးသင်စနစ်နဲ့သာ ဆက်လက်လေ့လာ သင်ယူရမှာဖြစ်ပါတယ်။

သို့သော်လည်း ဈေးဝယ်ကုန်တိုက်တွေကို တော့ နိုဝင်ဘာ ၂၈ ရက်ကစပြီး ပြန်လည် ဖွင့်လှစ်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကြောင့် လူပေါင်း ၁ ဒသမ ၃ သန်း ကျော်သေဆုံး

လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ တရုတ်နိုင်ငံ က စတင်ဖြစ်ပွားလာတဲ့ ကိုဗစ်-၁၉ ကြောင့် အခုဆိုရင် ကမ္ဘာတစ်ဝန်းသေဆုံးသူပေါင်းဟာလည်း ၁ ဒသမ ၃ သန်းကျော်လွန်လာပြီဖြစ် ပါတယ်။ အလားတူပဲ ကမ္ဘာတစ်ဝန်း ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားသူပေါင်းဟာ လည်း ဝေါဒိုမီတာရဲ့ ဖော်ပြချက်အရ ၅၈ သန်းကျော်လွန်လာပြီ ဖြစ်ပါတယ်။ အဲဒီ ထဲကမှ ၃၆ သန်းကျော် ကိုဗစ်-၁၉ မှ ပြန်လည်ကောင်းမွန်လာပြီလို့လည်း ဖော်ပြ ထားပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ ကိုဗစ်- ၁၉ ခံစားရမှုအပိုင်းမှာ အဆိုးဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်ပြီးတော့ ကိုဗစ်-၁၉ ကူးစက် ခံစားနေရသူ ၁၁၉၁၃၉၄၅ ဦးမှာ သေဆုံးသူ ၂၅၄၄၂၄ ဦးဖြစ်ပါတယ်။ ဘရာဇီးကတော့ ကိုဗစ်-၁၉ သေဆုံးစာရင်းမှာ အမေရိကန်ကို မမီသော်လည်း ဒုတိယနေရာက ဆက်လက် ရပ်တည်လျက်ရှိပါတယ်။ အိန္ဒိယနိုင်ငံကတော့ ကမ္ဘာ့တတိယသေဆုံးမှု အများဆုံးနိုင်ငံ တစ်နိုင်ငံအနေနဲ့ ရပ်တည်လျက်ရှိပါတယ်။ သူ့ရဲ့နောက်မှာတော့ မက္ကဆီကိုနဲ့ အင်္ဂလန် တို့ရှိပါတယ်။

စတိုးဆိုင်တွေ ပြန်ဖွင့်တော့မယ်

ပြင်သစ်နိုင်ငံကတော့ အဆိုးဆုံး ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယအကျော့ကို ကျော်လွှား လာပြီလို့ အချက်အလက်သစ်တွေမှာ ဖော်ပြမှုနဲ့အတူ အရေးကြီးတဲ့ ခရစ္စမတ် ဈေးဝယ်ရာသီမှာ စတိုးဆိုင်တွေကိုပြန်ဖွင့်ဖို့ ပြင်ဆင်နေကြပါပြီ။

ညမထွက်ရအမိန့်နဲ့ တစ်စိတ်တစ်ပိုင်း အသွားအလာကန့်သတ်ပိတ်ဆို့မှုတွေကို ကျင့်သုံးခဲ့တာကြောင့် လွန်ခဲ့တဲ့သီတင်းပတ် မှာ ကိုဗစ်-၁၉ ကူးစက်မှုပမာဏ ၄၀ ရာခိုင် နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။ ကိုဗစ်-၁၉ ကြောင့် ဆေးရုံတက်ရောက်ရတဲ့ ပမာဏ လည်း ၁၃ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့ပါ တယ်။ အလားတူ အထူးကြပ်မတ်ကုသ ဆောင်မှာ ကုသနေတဲ့ လူနာအရေအတွက်က လည်း ကိုးရာခိုင်နှုန်းအထိ ကျဆင်းခဲ့တယ်လို့ ကျန်းမာရေးဌာနက ဖော်ပြထားပါတယ်။

ကာကွယ်ဆေးထုတ်လုပ်ဖို့ ခွင့်ပြုချက် လျှောက်ထား

အမေရိကန်ပြည်ထောင်စုမှာ ဖိုက်ဇာနဲ့ ဘိုင်အိုအင်န်တက်ခ်ဆေးဝါးကုမ္ပဏီတွေကလည်း သူတို့ရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို စောနိုင်သမျှအစောဆုံး ထုတ်လုပ်နိုင်ဖို့ ခွင့် ပြုချက် လျှောက်ထားနေကြပါပြီ။ ဒါဟာ အခြေအနေယိမ်းယိုင်နေတဲ့ နိုင်ငံတွေနဲ့ ကမ္ဘာ့စီးပွားရေးကျဆင်းနေမှုကို ပုံမှန်အနေ အထားအတိုင်း ပြန်လည်ရောက်ရှိအောင် လုပ်ဆောင်နိုင်မယ့် ပထမဆုံးခြေလှမ်းသစ် တစ်ရပ်လည်းဖြစ်ပါတယ်။

ကမ္ဘာကြီးဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ကနေ ကယ်တင်မယ့် သိပ္ပံပညာရှင်တွေကို စောင့်မျှော်လျက်ရှိပါတယ်။ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဌာနကတော့ သူ့ရဲ့ကာကွယ်ဆေးကော်မတီ ဟာ ဒီဆေးတွေကို အရေးပေါ်သုံးစွဲခွင့်ပြုရေး အတွက် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ဆွေးနွေး သွားမယ်လို့ ဆိုထားပါတယ်။

ကိုးကား – အေအက်ဖ်ပီ၊ ထွန်းသစ်စ၊ Myanmar Digital News
#AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here