ကျိုက်ထီးရိုးတောင်တော်ပိတ်ထားရသဖြင့် လူဦးရေ (၃၀၀၀)နီးပါး စားဝတ်နေရေး အဆင်မြပေမှုများရှိနေ၍ ကူညီပေးစေလို

48

ကျိုက်ထီးရိုးတောင်တော်ပိတ်ထားရသဖြင့် လူဦးရေ (၃၀၀၀)နီးပါး စားဝတ်နေရေး အဆင်မြပေမှုများရှိနေ၍ ကူညီပေးစေလို

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးကို ခေတ္တပိတ်ထားတာ (၈)လ နီးပါးရှိပြီးဖြစ်သည့်အတွက် လက်ရှိ တောင်ပေါ်နေထိုင်သူ(၃၀၀၀)နီးပါးက စားဝတ်နေရေး အဆင်မပြေမှုများနှင့် ကြုံတွေ့နေရသဖြင့် တာဝန်ရှိသူများမှ ကူညီပေးစေလိုကြောင်း ကျိုက်ထီးရိုးတောင်ပေါ် နေမိသားစုဝင်များထံမှ သိရတယ်လို့ နိုင်ငံပိုင်မီဒီယာတစ်ခုက ဖော်ပြထားပါတယ်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကို ကိုဗစ်ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့ မတ်လကစပြီး ခေတ္တပိတ်ထားခဲ့ရာမှ (၈)လနီးပါးကြာမြင့်လာသဖြင့် ဘုရားဖူးဧည့်သည်များ လာရောက်လည်ပတ်ခြင်း မရှိသောကြောင့် အလုပ်အကိုင်ရှားပါးမှုနှင့် စားဝမ်းနေရေးအဆင်မပြေမှုတွေ ကြုံတွေ့နေရတယ်လို့ ကျိုက်ထီးရိုးတောင်ပေါ်နေ ဒေသခံ ဦးကျော်မင်းဦးက ပြောသည်။

“အစဖြစ်ခါကတော့ နည်းနည်းတော်သေးတာပေါ့လေ၊ နည်းနည်းကြာလာတော့ ၄ လ၊ ၅ လ၊ ၆ လ ဖြစ်လာတဲ့ အခါကျတော့ တော်တော်လေးကို အခြေအနေဆိုးသွားတယ်၊ အခုက ရောင်းဝယ်ရေးတွေကလည်း မရှိ၊ လုပ်ငန်းတွေကလည်း ကိုဗစ်ကြောင့် ပိတ်ထားတော့ ဘုရားပွဲတော်ကလေ၊ အဲဒီတော့ ဒီမှာကတော့ စားဝတ်နေရေးပြဿနာကတော့ အဓိက အခက်အခဲဖြစ်နေတာပေါ့လေ၊ ဒီမှာကတော့ အစိုးရကထောက်ပံ့နိုင်သလောက်တော့ ထောက်ပံ့ပေးတယ်၊ ဒါပေမယ့်လည်း ရေရှည်ခရီးကျတော့လည်း အဆင်မပြေပြန်ဘူး၊ အဲလိုမျိုးစားရေးသောက်ရေးပေါ့၊ လုပ်ငန်း တွေကလည်းမရှိ၊ အောက်မှာကလည်း သူတို့ရဲ့ ဥယျာဉ်ခြံမြေ၊ နေရာထိုင်ခင်းအတည်တကျမရှိတော့ အလုပ်မရှိတော့ ဒီတိုင်းငုတ်တုတ်ပဲ၊ အောက်ပြန်လို့လည်း အလုပ်ကမရ၊ နေရာလည်းမရှိ အဲလိုမျိုးတွေ ဖြစ်နေတာပေါ့” ဟု ၎င်းက ပြောသည်။

ယခုလို ကျိုက်ထီးရိုးတောင်ဘုရားပွဲခေတ္တပိတ်ထားကာလများတွင် နိုင်ငံတော်အစိုးရ၊ စေတနာ အလှူရှင်များ နှင့် တောင်ပေါ်ရှိလုပ်ငန်းရှင်များမှ တက်နိုင်သလောက် ကူညီထောက်ပံ့မှုများ ရှိခဲ့သော်လည်း ရေရှည်အဆင်ပြေမှု ရှိစေရေးအတွက် တာဝန်ရှိသူများအနေနဲ့ ကူညီဖြေရှင်းပေး စေလိုတယ်လို့ ၎င်းက ဆက်လက်ပြောပါတယ်။

ဒါကြောင့် တာဝန်ရှိသူများအနေဖြင့် အခြေခံလူတန်းစားများကို ကိုဗစ်ကာလထောက်ပံ့ကြေးပေးသည့် အခါတွင် တောင်ပေါ်နေအိမ်ထောင်စုအားလုံးကို ထောက်ပံ့ပေးစေလိုကြောင်း ကျိုက်ထီးရိုး တောင်ပေါ်နေ ဒေသခံတစ်ဦး ဖြစ်သူ ဦးအောင်စိုးလင်းက ပြောသည်။

“အစိုးရရဲ့ ဒီထောက်ပံ့ကြေးကိစ္စတွေပေါ့၊ မြို့နယ်အလိုက်၊ ကျေးရွာရပ်ကွက်အလိုက်ပေါ့ (အခြေခံ လူတန်း စားတိုင်း)အပြည့်မရတာရှိတယ်လေ၊ ကျွန်တော်တို့အနေနဲ့က ဘာပြန်လုပ်ပေးရလည်းဆိုတော့ မရှိတဲ့လူကိုပဲ ဦးစားပေးဆိုပေမယ့် အားလုံးကလည်း ဒုက္ခရောက်ကြတယ်၊ မနက်စာညစာ ပေါင်းစားရတဲ့အနေအထားမျိုးတွေက အားလုံး၊ အားလုံးပါ၊ ကျွန်တော်တို့ အပါအဝင် အားလုံးက ဒီအတိုင်းကြီးပဲ ဖြစ်နေတဲ့ အခါကျတော့ အဲလိုမျိုးခွဲခြားပြီး ပေးလို့မရဘူး၊ ကျွန်တော်တို့က အားလုံးကို (၃၀၀၀)စီ၊ (၄၀၀၀)စီ အားလုံးကို မျှဝေပြီး သုံးနေကြရတယ်။ အစိုးရအနေနဲ့ တက်နိုင်ခဲ့ရင် လက်ရှိ ရှိနေတဲ့ အိမ်ထောင်စုအားလုံးကို ပေးစေချင်ပါတယ်။” ဟု ၎င်းက ပြောသည်။

ဒါအပြင် ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်နိုင်သည့် အခြေအနေရောက်ရှိလာပါက ကျိုက်ထီးရိုးတောင်တော်အား အမြန်ဆုံးဖွင့်လှစ်ပေးစေလိုကြောင်း တောင်ပေါ်နေမိသားစုများထံမှ သိရသည်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးဘုရားပွဲတော်ကို နှစ်စဉ် သီးတင်းကျွတ်လပြည့်နေ့မှ ကဆုန် လပြည့်နေ့အထိ ကျင်းပလေ့ရှိပြီး ရက်ကြီးခါကြီးများတွင် ပြည်တွင်းပြည်ပခရီးသွားဧည့်သည် သိန်းဂဏန်းအထိ လာရောက်လည်ပတ်လေ့ရှိကြောင်း သိရသည်။

အဆိုပါ ကျိုက်ထီးရိုးတော်ပေါ်တွင် ဘုရားပွဲတော်ကာလအတွင်း စေတီတော်ကြီးကို အမှီပြုပြီး စီးပွားရှာ နေထိုင်သူ (၅၀၀၀) ဝန်းကျင်ခန့်ရှိပြီး ပုံမှန်နေထိုင်သူကတော့ ၃၀၀၀ ကျော်ရှိတယ်လို့ ကျိုက်ထီးရိုးတောင်တော် အုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

ကိုဟိန်း(ပေါင်) Myanmar Digital News

#AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here