ရွေးကောက်ပွဲအကြိုကာလ၌ ဖြစ်ပေါ်နေသည့်အခြေအနေများနှင့်ပတ်သက်၍ တပ်မတော်၏ သဘောထားထုတ်ပြန်ချက်

833

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအကြိုကာလ၌ ဖြစ်ပေါ်နေသည့်အခြေအနေများနှင့်ပတ်သက်၍ တပ်မတော်၏ သဘောထားထုတ်ပြန်ချက်

(၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂ ရက်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်အပြည့်အစုံအား ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၌ ပြည်သူလူထုလိုလားတောင့်တခဲ့သည့် ပါတီစုံဒီမိုကရေစီစနစ်အားကျင့်သုံးနိုင်ရေး တပ်မတော်အစိုးရကဦးဆောင်၍ အကောင်အထည်ဖော်မှုများ၊ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးခေါင်းဆောင်သော ရွေးကောက်ပွဲကော်မရှင်အားဖွဲ့စည်းပြီး လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ကျင်းပနိုင်ခဲ့ပါသည်။ အလားတူ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအားလည်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ခေါင်းဆောင်သော ရွေးကောက်ပွဲကော်မရှင်အား နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်စွဲပါ ကြေညာချက် အမှတ် ၅/၂၀၁၁ ဖြင့်ဖွဲ့စည်းပြီး လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက်လည်း ဥက္ကဋ္ဌ ဦးလှသိန်း ခေါင်းဆောင်သော ရွေးကောက်ပွဲကော်မရှင်အား နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်စွဲပါ ကြေညာချက်အမှတ် ၄/၂၀၁၆ ဖြင့် ဖွဲ့စည်း ခဲ့ပါသည်။ အဆိုပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်များသည် ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန် ပျမ်းမျှ ၁၆၈၄ ရက်(၄ နှစ် ၇ လ ၉ ရက်) ရရှိခဲ့ကြောင်း တွေ့ရှိရပါသည်။ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲတစ်ရပ်ကျင်းပနိုင်ရန်နှင့် စည်းကမ်းစနစ်ကျနသော ရွေးကောက်ပွဲကျင်းပနိုင်ရေး လုံလောက်သည့် ပြင်ဆင်ချိန် ဖြစ်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးအနေဖြင့်လည်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ၂ ကြိမ် ကျင်းပခဲ့ပြီးဖြစ်သဖြင့် အတွေ့အကြုံများ ရှိပြီးဖြစ်ပါသည်။

၂။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၈ မှ ၄၀၃ အထိ၌ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းခြင်း၊ တာဝန်များ၊ စွပ်စွဲပြစ်တင်ခြင်း၊ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များကို အတိအလင်းဖော်ပြထားပြီးဖြစ်ပါသည်။ ပုဒ်မ ၃၉၉ ပါ ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန်များတွင် “ရွေးကောက်ပွဲဆိုင်ရာ သို့မဟုတ် နိုင်ငံရေးပါတီဆိုင်ရာနည်းဥပဒေများကို ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီလည်းကောင်း၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်စသည်များကို သက်ဆိုင်ရာဥပဒေများနှင့်အညီလည်းကောင်း ထုတ်ပြန်ခြင်း” ဟု အတိအလင်းပြဋ္ဌာန်းထားပြီး ဖြစ်ပါသည်။ ၎င်းပြဋ္ဌာန်းချက်တွင် ရွေးကောက်ပွဲဆိုင်ရာနည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များကို ထုတ်ပြန်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် သက်ဆိုင်ရာဥပဒေများနှင့်အညီ ထုတ်ပြန်ရမည် ဖြစ်ပါသည်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဥပဒေများ၊ နည်းဥပဒေများကိုလည်း ထုတ်ပြန်ခြင်း၊ ပြင်ဆင်သည့်ဥပဒေများ ထပ်မံ ထုတ်ပြန်ခြင်းတို့ကိုလည်း ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အထိ စဉ်ဆက်မပြတ် ဆောင်ရွက်ပြီးဖြစ်ပါသည်။ ဥပဒေအကြောင်းခြင်းရာများအရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်နှင့်ညွှန်ကြားချက်များထုတ်ပြန်ရာတွင် ထုတ်ပြန်ပြီးဖြစ်သည့် တည်ဆဲဥပဒေများအပေါ်အခြေခံ၍ လုပ်ဆောင်ရမည်ဟု သဘောထားရှိပါသည်။ ယခုကာလသည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ ပေးခွင့်ရှိသူများက ကြိုတင်ဆန္ဒမဲများပေးနေသည့်ကာလ ဖြစ်ပါသည်။

၃။ ၎င်းကာလအတွင်း၌ နိုင်ငံရေးပါတီများ၏ တရားဝင်ထုတ်ပြန်ချက်၊ သတင်းစာရှင်းလင်းပွဲများ၊ မီဒီယာများသို့ ပြောကြားချက်များနှင့် မီဒီယာများ၏ သတင်းဖော်ပြချက်များအရ ကြိုတင်ဆန္ဒမဲများကောက်ယူခြင်းလုပ်ငန်းစဉ်တွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်မညီညွတ်မှုများ ကျယ်ကျယ်ပြန့်ပြန့်တွေ့ရှိနေရပြီး လမ်းပန်း ဆက်သွယ်မှုခက်ခဲပြီး ဝေးလံခေါင်ပါးဒေသများ၏ အခြေအနေများကိုမူ သိရှိနိုင်ရန် ပိုမိုခက်ခဲပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ချိန် ၄ နှစ်ကျော်ရရှိခဲ့သော်လည်း ကြိုတင် ဆန္ဒမဲထည့်သည့်စာအိတ်များ၊ မဲပုံးများကိုပင် အဆင့်အတန်းမီစွာ ဆောင်ရွက်နိုင်ရေး ချို့ယွင်းအားနည်းခဲ့ကြောင်း တွေ့ရှိရပါသည်။

ကြိုတင်ဆန္ဒမဲများနှင့်ပတ်သက်၍ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများတွင် ဖော်ပြထားပြီးဖြစ်သော်လည်း တည်ဆဲဥပဒေကို ကျော်လွန်နေသည့် ကြေညာချက်များထုတ်ပြန်ခြင်း၊ မဲပေးခွင့်မဆုံးရှုံးစေရေးကို အကြောင်းပြလျက် တည်ဆဲဥပဒေများကို ကျော်လွန်သည့် ထုတ်ပြန်ချက်များ ထုတ်ပြန်ဆောင်ရွက်နေခြင်းတို့အပေါ် မဲဆန္ဒရှင်များမှ သံသယဖြစ်ဖွယ် ဖြစ်ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခဲ့ပြီးနောက် ၎င်းအပေါ်အခြေခံလျက် နှစ်စဉ်ခန့်မှန်းသန်းခေါင်စာရင်းများကို ထုတ်ပြန်ခဲ့ပါသည်။ ၎င်းသန်းခေါင်စာရင်းများ၌ မဲပေးခွင့်ရှိသူများကိုလည်း ခန့်မှန်းနိုင်ပါသည်။ သို့သော် လက်တွေ့တွင်မူ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲပေးပိုင်ခွင့်ရှိသူစာရင်း တွက်ချက်ရာ၌ပင် ခက်ခဲခဲ့မှုများ၊ လက်တွေ့မဲစာရင်းထုတ်ပြန်ရာ၌ မမှားသင့်သည့်အမှားများ မှားယွင်းခဲ့မှု များကို တွေ့ရှိရပါသည်။ ထို့အပြင် လက်တွေ့ကြိုတင်ဆန္ဒမဲပေးနေသည့် ယခုကာလ၌ အငြင်းပွားစရာဖြစ်ရပ်များ နေ့စဉ်နှင့်အမျှ ဖြစ်ပွားလျက်ရှိကြောင်း တွေ့ရှိရပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီ စနစ်ဖော်ဆောင်ရာတွင် အသွင်ကူးပြောင်းမှုများကို တပ်မတော်အစိုးရလက်ထက်ကတည်းက အဆင့်ဆင့်ဆောင်ရွက်ခဲ့ပြီး ပါတီစုံဒီမိုကရေစီစနစ်၏အသက်ဖြစ်သည့် ရွေးကောက်ပွဲများအား ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်တို့၌ ဆောင်ရွက်ခဲ့ရာ လွတ်လပ်၍တရားမျှတစွာ ဆောင်ရွက်နိုင်ခဲ့သည်။ အထူးသဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်တွင်းပြည်ပလေ့လာသူများ၊ အဖွဲ့အစည်းများက လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်ကြောင်း တညီတညွတ်တည်း အသိအမှတ်ပြုခဲ့ကြသည်။ ရှေ့တွင်ကျင်းပခဲ့သော ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွေ့အကြုံများကိုရယူလျက် လက်ရှိ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲကို ပိုမိုပြည့်စုံစွာ ဆောင်ရွက်ရမည်ဖြစ်သော်လည်း ယခင်ရွေးကောက်ပွဲများတွင်ပင် မဖြစ်ပေါ်ခဲ့သည့် ချို့ယွင်း အားနည်းချက်များ ဖြစ်ပေါ်လျက်ရှိကြောင်း တွေ့ရှိရသည်။ ၎င်းအားနည်းချက်နှင့် ဖြစ်စဉ်ဖြစ်ရပ်များသည် ရွေးကောက်ပွဲ၏ပုံရိပ်ကို ကြီးမားစွာထိခိုက်စေနိုင်ပါသည်။

၄။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်သောကော်မရှင် တစ်ခုဖြစ်သော်လည်း ကော်မရှင်အား နိုင်ငံတော်သမ္မတမှ ဖွဲ့စည်းပေးခြင်းဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၈၊ ပုဒ်မခွဲ(က)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ(င)နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၃ တို့ပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော်သမ္မတရုံးမှ ကြေညာချက်ထုတ်ပြန်ဖွဲ့စည်းရသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား အစိုးရအဖွဲ့မှ တာဝန်ယူရပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း အစိုးရအဖွဲ့ကို တာဝန်ခံရသည်။ ထို့ကြောင့် ရွေးကောက်ပွဲများ၌ လွတ်လပ်၍တရားမျှတမှုရှိ/မရှိအပေါ် ဝေဖန်ရာ၌ ရွေးကောက်ပွဲကော်မရှင်အပေါ်ဝေဖန်ခြင်းထက် အစိုးရအပေါ်ဝေဖန်ခြင်းဖြစ်သည်။

၅။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ၂၀၁၅ ခုနှစ်၌ကျင်းပခဲ့သည့် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် နိုင်ငံတော်တာဝန်ကို ရယူနိုင်ခဲ့သော အစိုးရဖြစ်သည့်အားလျော်စွာ ယခု ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအားလည်း ပြည်သူလူထုနှင့် နိုင်ငံတကာကလိုလားနေသည့်အတိုင်း ဒီမိုကရေစီစံချိန်စံနှုန်း များနှင့်အညီ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေး ကြိုးပမ်း ဆောင်ရွက်မည်ဟု မျှော်လင့်ပါသည်။ သို့သော် နိုင်ငံတော်အစိုးရမှ ဖွဲ့စည်းပေး ထားသည့် ရွေးကောက်ပွဲကော်မရှင်၏ လုပ်ရပ်များမှာမူ ထိုကဲ့သို့ဖြစ်စေရေး အတွက် သံသယဖြစ်ဖွယ်ဖြစ်ပါသည်။

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၈ ရက်နေ့မှ စတင်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းများနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရန်အချက်များ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည့် ကျန်းမာရေးစံလုပ်ငန်းလမ်းညွှန်(SOP)အတိုင်း နိုင်ငံရေးပါတီများကိုလိုက်နာစေရေး ထိရောက်သောကြီးကြပ်မှုနှင့် လုပ်ဆောင်မှုများ ပြုလုပ်ရန်အားနည်းခဲ့သဖြင့် နောက်ဆက်တွဲ ဆိုးရွားသောရလဒ်များ ဖြစ်ပေါ်ခဲ့သည်ကိုလည်း တွေ့ရှိရပါသည်။ ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်၏ ရိုးသားစွာမှားယွင်းမှုနှင့် ရည်ရွယ်ချက်ရှိသောမှားယွင်းမှုအားလုံးကို အစိုးရအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ကြီးကြပ်ရန်တာဝန်ရှိမည်ဖြစ်ပါသည်။ အစိုးရတစ်ရပ်၏ တာဝန်ကျေပွန်မှုကို နောက်ဆုံးရွေးကောက်ပွဲကာလအထိ မှတ်ကျောက်တင်ခံရမည်မှာ နိုင်ငံရေးဖြစ်စဉ်တစ်ရပ်ပင် ဖြစ်ပါသည်။

၆။ COVID-19 ကမ္ဘာ့ကပ်ရောဂါသည် မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လမှ စတင်ဖြစ်ပွားခဲ့ပြီး စက်တင်ဘာလတွင် ပိုမိုအရှိန်မြင့်တက်ခဲ့ရာ ယနေ့တိုင် ဖြစ်ပါသည်။ COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ပြည်သူလူထုအနေဖြင့် လူမှုစီးပွားဘဝ အပြောင်းအလဲများ၏ ရိုက်ခတ်မှုများ များစွာရှိခဲ့ပြီး ဖိစီးမှုများမြင့်တက်နေချိန်ဖြစ်ပါသည်။ သို့သော် ပြည်သူလူထုအနေဖြင့် မကြာမီ ကျင်းပတော့မည့် ရွေးကောက်ပွဲသည် ၎င်းတို့၏ လူမှုစီးပွားဘဝတွင် အရေးပါကြောင်းသိရှိသည့်အားလျော်စွာ အခက်အခဲများကြားမှ မဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ ရွေးကောက်ပွဲသည် ၎င်းတို့အတွက် ကောင်းသောအပြောင်းအလဲတစ်ရပ်ကို ဖြစ်လာစေနိုင်မည်ဟု မျှော်လင့်လျက်ရှိပါသည်။ ပြည်သူလူထုမျှော်လင့်သည့်အတိုင်း လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်လာစေရေး တာဝန်ရှိပြီး အလေးထားဆောင်ရွက်ရန်လည်း လိုအပ်ပါသည်။

၇။ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့၏ အပြန်အလှန်တာဝန်ခံမှုအရလည်းကောင်း၊ ပြည်သူလူထု၏ COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် စိတ်ဖိစီးမှုများစွာကြားထဲမှ ကောင်းသောအပြောင်းအလဲတစ်ရပ် ဖြစ်လာစေရန် မျှော်လင့်ချက်ကိုလည်းကောင်း ရည်ရွယ်၍ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲတစ်ရပ်ဖြစ်လာစေရေး ရွေးကောက်ပွဲကော်မရှင်သည် လုပ်ငန်းတာဝန်များကိုဆောင်ရွက်ရာ၌ တည်ဆဲအစိုးရမှ စနစ်တကျရှိပြီး မှန်ကန်သော ကြပ်မတ်မှုများစွာလိုအပ်ပါသည်။ နိုင်ငံတကာတွင်လည်း ရွေးကောက်ပွဲနှင့်ပတ်သက်၍ လက်ရှိအစိုးရ၏ လုပ်ဆောင်ချက်အပေါ်မူတည်၍ မှန်ကန်ပြီး သမာသမတ်ရှိမှုကို ဖော်ပြလေ့ရှိပါသည်။

သို့ဖြစ်ပါ၍ မကြာမီကျင်းပတော့မည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး လွတ်လပ်၍ သမာသမတ်ကျသော ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးသည် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကော်မရှင်၏ တာဝန်ဖြစ်သည့်အပြင် အပြန်အလှန်တာဝန်ခံရသည့် ပြည်ထောင်စုအစိုးရအဖွဲ့တွင်လည်းတာဝန်ရှိကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ EAOs အဖွဲ့များနှင့်ပတ်သက်သော သဘောထားကြေညာချက်

မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလူမျိုးများနေထိုင်ရာဒေသများ၌ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးတို့နှင့်ပတ်သက်၍ ပေါ်ပေါက်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် တပ်မတော်အစိုးရလက်ထက်အပါအဝင် အစိုးရအဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရန်မှာ ခေတ်အဆက်ဆက်အစိုးရများ၏ ကြိုးပမ်းဆောင်ရွက်မှုအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAOs)များ၏ ငြိမ်းချမ်းရေးရရှိရန်အတွက် စိတ်ဆန္ဒ ပြင်းပြမှုပေါ်တွင်လည်း များစွာတည်ပါသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနစ်ကို စတင် အသွင်ကူးပြောင်းခဲ့သည့် အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၈)ဖွဲ့နှင့် လက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ကျင်းပနိုင်ခဲ့ပါသည်။ လက်ရှိအစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၂)ဖွဲ့နှင့် NCA လက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစုပင်လုံ)ဟု အမည်ပြောင်းလဲ ကျင်းပနိုင်ခဲ့သော်လည်း ငြိမ်းချမ်းရေးအတွက် သိသာထင်ရှားသော အောင်မြင်မှုများရရှိခြင်း မရှိသေးသည်ကို တွေ့ရှိရပါသည်။

NCA သုံးနှစ်ပြည့်အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထာဝရငြိမ်းချမ်းရေးအား ၂၀၂၀ ပြည့်နှစ်တွင် ပြည်သူ့လက်ဝယ်အရောက် အပ်နှင်းမည်ဟု ပြောကြားခဲ့သော်လည်း ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် EAOs များက စိတ်ဆန္ဒပြင်းပြမှသာ စစ်မှန်သည့်ငြိမ်းချမ်းရေးရရှိမည်ဖြစ်ပါသည်။ ပကတိအခြေအနေတွင် EAOs အချို့က အင်အားတည်ဆောက်၍ ငြိမ်းချမ်းရေးကိုနှောင့်နှေးစေသည့် အပြုအမူများ လုပ်ဆောင်ခဲ့သည်ကို တွေ့ရှိရပါသည်။ ထိုသို့ ပြုမူလုပ်ဆောင်မှုများကြောင့် ငြိမ်းချမ်းရေး အတွက် နှောင့်နှေးမှုအပြင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဒေသခံပြည်သူလူထု၏ အခွင့်အရေးတစ်ရပ်ဖြစ်သော လွတ်လပ်စွာဆန္ဒမဲပေးခွင့်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ပါသည်။ ယခင်က မြို့နယ် ၉ မြို့နယ်သာ ရွေးကောက်ပွဲမကျင်းပနိုင်သော်လည်း ယခုအခါ မြို့နယ် ၁၅ မြို့နယ်နှင့် အချို့မြို့နယ်များ၏ ကျေးရွာအုပ်စုများတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ပါသည်။

လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ နှောင့်ယှက်ဖိအားပေးမှုကြောင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက်အရေးပါသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်မှု နှောင့်နှေးစေသည့်အပြင် အချို့ဒေသများ၌ ဒီမိုကရေစီ၏ အရေးပါသည့် တိုင်းရင်းသားပြည်သူများ၏ မဲပေးခွင့်များလည်း ဆုံးရှုံးခဲ့ရပါသည်။ ထို့အပြင် နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးမှုများကို ပြုလုပ်နိုင်ခြင်းမရှိသောကြောင့်လည်း ဒီမိုကရေစီအခွင့်ရေးများ ဆုံးရှုံးခဲ့ရပါသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လွှမ်းမိုးထားသည့် အချို့သော မြို့နယ်နှင့် ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများ ခန့်အပ်နိုင်မှုမရှိခြင်း၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ခန့်အပ်ဖွဲ့စည်းနိုင်မှုမရှိခြင်းတို့ကြောင့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကျင်းပရန်အတွက် ခက်ခဲသောအခြေအနေများ ဖြစ်ပေါ်လျက်ရှိပါသည်။

သို့သော် ၂၀၂ဝပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲတွင် အကြောင်း အမျိုးမျိုးကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်သည့်ဒေသများ၌ ကြားဖြတ်ရွေးကောက်ပွဲကို လုံခြုံချောမွေ့စွာဖြင့် ဆောလျင်စွာ ကျင်းပနိုင်လိမ့်မည်ဟု တပ်မတော်က မျှော်လင့်ပါသည်။ ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် မိမိတို့နှင့်မသက်ဆိုင်သည့်နေရာများတွင် ဝင်ရောက်နေရာယူခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်းများမပြုလုပ်ရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေပါကလည်း အမြန်ဆုံးပြန်လည်ထွက်ခွာရန် လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ဒေသခံ တိုင်းရင်းသားပြည်သူများအား ခြိမ်းခြောက်မှုမပြုဘဲ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေး၊ နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးလှုပ်ရှားခွင့်ရရှိရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား NCA လမ်းကြောင်းနှင့် အညီ ဆောင်ရွက်သွားနိုင်ရေး တပ်မတော်က ဖိတ်ခေါ်တိုက်တွန်းအပ်ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

LEAVE A REPLY

Please enter your comment!
Please enter your name here