နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းမြောက်စကားများ

618

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းမြောက်စကားများ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်အောင်ဆန်းစုကြည်မြန်မာ့ရုပ်ရှင် ရာပြည့်အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားသည့် ဝမ်းမြောက်စကား

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းဖော်ပြချက်အပြည့်အစုံ)

ဒီနေ့အခမ်းအနားကို ကြွရောက်လာကြတဲ့ ပြည်ထောင်စုအဆင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ နာယကကြီးများ အမှူးပြုတဲ့ ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါ စေလို့ ဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။

ယခုလို ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့နိုင်ငံသူ နိုင်ငံသားအားလုံးအတွက် ဂုဏ်ယူ တန်ဖိုးထားရတဲ့ မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)ပြည့် အခမ်းအနားမှာ စကား ပြောကြားခွင့်ရတဲ့အတွက် အထူးပဲ ဝမ်းမြောက်မိပါကြောင်း ဦးစွာ ပြောကြားလိုပါတယ်။

မြန်မာ့ရုပ်ရှင် နှစ်(၁၀၀) ခရီးကို ပြန်ပြောင်းကြည့်မယ်ဆိုရင် ကျွန်မ တို့ရဲ့ မြန်မာ့ရုပ်ရှင်အနုပညာရှင်ကြီးတွေဟာ ခေတ်စနစ်အမျိုးမျိုး၊ အခက်အခဲအမျိုးမျိုး၊ အကန့်အသတ်အမျိုးမျိုးကြားက မိမိတို့ရဲ့ အနုပညာရပ်တွေ၊ အတတ်ပညာရပ်တွေ ရပ်တည်ရှင်သန်ခွင့်ရအောင် နည်းလမ်းအမျိုးမျိုးနဲ့ မမှိတ်မသုန် ကြိုးပမ်းအားထုတ်ခဲ့ကြရတယ် ဆိုတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။

မြန်မာ့ရုပ်ရှင်ခေတ်ဦးကာလ ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ ကျွန်မတို့ နိုင်ငံရဲ့ ရုပ်ရှင်များရပ်ဆိုင်းသွားခဲ့ရပါတယ်။ ရုပ်ရှင်ဖလင်များ ဝယ်ယူ ပေးနိုင်ခြင်းမရှိတဲ့အတွက် ရုပ်ရှင်အနုပညာအတွက်သာမက ရုပ်ရှင် အနုပညာသည်များရဲ့ ဝမ်းရေးအတွက်ပါ အခက်အခဲများစွာ ကြုံတွေ့ ခဲ့ရပါတယ်။ ကျွန်မတို့ရဲ့ ရုပ်ရှင်အနုပညာရှင်တွေဟာ မိမိတို့တတ်ကျွမ်းတဲ့ အနုပညာကို ဖော်ထုတ်တင်ပြဖို့ နေနေသာသာ မိမိတို့ရဲ့ စားဝတ်နေ ရေး အတွက် ကြုံရာကျပန်း လုပ်ကိုင်စားသောက်ခဲ့ရတဲ့ ခေတ်ကာလ အခြေအနေမျိုးအထိ ကြုံတွေ့ခဲ့ကြရပါတယ်။

အဲဒီလိုကြုံတွေခဲ့ရတဲ့ အခက်အခဲ အကျပ်အတည်းတွေကြားမှာ မြန်မာ့ရုပ်ရှင်အနုပညာရပ်တွေ ပေါ်ထွန်းလာအောင်၊ မှေးမှိန်ပျောက်ကွယ် မသွားအောင် ကြံ့ကြံ့ခံ အားထုတ်ကြိုးပမ်းခဲ့ကြတဲ့ အနုပညာသူရဲကောင်း များကို ကျွန်မတို့အားလုံး ဂုဏ်ယူ အသိအမှတ်ပြုကြရမှာလည်း ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် ဆရာမင်းသုဝဏ်ရဲ့ ကဗျာတစ်ပုဒ်ထဲကလို “ထိုပင်ငုတ်တို၊ ပျဉ်းမအိုသည်၊ စစ်ကိုလည်းကြုံ၊ ခြအုံလည်းဖြစ်၊ ဓားထစ်လည်းခံ၊ နေလျှံလည်းတိုက်၊ လေပြင်းခိုက်လည်း၊ မငိုက် ဦးခေါင်း၊ နွေသစ်လောင်းသော်၊ ရွက်ဟောင်းညှာကြွေ၊ ရွက်သစ်ဝေ၍” ဆိုတဲ့အတိုင်း မြန်မာ့ရုပ်ရှင်လောကသားတွေဟာ ခေတ်အဆက်ဆက် လောကဓံ လှိုင်းလုံးတွေကြားမှာ ကြံ့ကြံ့ခံလှော်ခတ်ရင်း မိမိတို့ရဲ့ ယုံကြည်ချက်တွေ၊ မိမိတို့ရဲ့ မျှော်လင့်ချက်တွေ၊ မိမိတို့ရဲ့ စိတ်ကူး အိပ်မက်တွေကို အကောင်အထည်ဖော်ခဲ့ကြတယ်လို့ ကျွန်မ တွေ့မြင် ခံစားရပါတယ်။

ရုပ်ရှင်ဆိုတာ ခံစားမှုနဲ့နည်းပညာပေါင်းစပ်ထားတဲ့ ဆန်းကြယ်တဲ့ ပညာရပ်အဖြစ် အားလုံးက နားလည်လက်ခံထားကြပါတယ်။ ရုပ်ရှင် ပေါ်ဦးစမှ ယနေ့ မျက်မှောက်ကာလအထိ ရုပ်ရှင်အနုပညာရပ်တိုင်းဟာ လူသားအားလုံးကို ဆွဲဆောင်ဖမ်းစားနေဆဲဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ရုပ်ရှင်အနုပညာကဏ္ဍဟာ အခြားကဏ္ဍတွေနဲ့မတူဘဲ ကမ္ဘာ့လူသား အားလုံးကို ကောင်းမွန်တဲ့၊ ဆန်းပြားတဲ့ အနှစ်သာရတွေ ပေးစွမ်းနိုင်ဖို့၊ ကျန်ရစ်စေဖို့ အစဉ်အမြဲ ကြိုးပမ်းအားထုတ်နေကြဖို့ အရေးကြီးတယ်လို့ ကျွန်မ ယုံကြည်ပါတယ်။

ကမ္ဘာ့ရုပ်ရှင်ဟာ ၁၉ ရာစုနှောင်းပိုင်းမှာ စတင်ပေါ်ထွန်းခဲ့ပြီး မြန်မာ့ ရုပ်ရှင်ဟာ ၂၀ ရာစုဆန်းပိုင်းမှာ စတင်ဖြစ်တည်လာခဲ့တဲ့အတွက် မြန်မာ့ ရုပ်ရှင်ခေတ်ဦးဟာ ကမ္ဘာနဲ့ ရင်ပေါင်တန်းခဲ့တယ်လို့တောင် ပြောမယ် ဆိုရင် ပြောနိုင်မှာ ဖြစ်ပါတယ်။

မြန်မာ့ရုပ်ရှင်ကို ဒါရိုက်တာ လန်ဒန်အတ်ဦးအုန်းမောင်ရဲ့ “မေတ္တာနှင့်သူရာ” ဇာတ်ကားကို စတင်ရိုက်ကူး ရုံတင်ပြသကာ စတင် နိုင်ခဲ့ပါတယ်။

ဒီနေ့ဆိုရင် မြန်မာ့ရုပ်ရှင်သမိုင်းဟာ နှစ်(၁၀၀)ကာလတိုင် ရောက်ရှိ လာခဲ့ပါပြီ။ ယခုလို နှစ်(၁၀၀) သက်တမ်းအတွင်းမှာ ရုပ်ရှင်အနုပညာဟာ လူတိုင်းလူတိုင်းကို စိတ်ခံစားမှုအမျိုးမျိုး၊ အတွေးအခေါ်အမျိုးမျိုးကို ပေးစွမ်းနိုင်တာကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီလို ပေးစွမ်းနိုင်အောင်လည်း စာပေ၊ အနုပညာ၊ စက်မှု၊ နည်းပညာ၊ ဖန်တီးမှုတို့ ပေါင်းစုပြီး ရိုက်ကူး ထုတ်လုပ်ကြပါတယ်။ ကျွန်မတို့ ကမ္ဘာကြီးအတွက် တန်ဖိုးရှိတဲ့ ပေးစွမ်းမှုတွေ ဖြစ်စေချင်ပါတယ်။

ဖြတ်သန်းခဲ့တဲ့ မြန်မာ့ရုပ်ရှင်ရဲ့ နှစ်(၁၀၀) ခရီးမှာ ပြည်သူတို့ရဲ့ စိတ်နှလုံးကို သိမ်းကျုံးလှုပ်ကိုင်နိုင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကောင်း များစွာ ရှိခဲ့ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် တိုင်းပြည်နဲ့ လူမျိုး အတွက် အနုပညာနဲ့ အလုပ်အကျွေးပြုခဲ့သူများ၊ တစ်တပ်တစ်အား တာဝန်ကျေပွန်ခဲ့သူများ များစွာ ပေါ်ထွန်းခဲ့ပါတယ်။ အဲဒီအစဉ်အလာ ကောင်းတွေကို မျိုးဆက်သစ် အနုပညာရှင်တွေအနေနဲ့ အတုယူ အားကျပြီး ကျွန်မတို့ တိုင်းပြည်နဲ့ ကျွန်မတို့လူမျိုး အကျိုးအတွက် ဇွဲသတ္တိအပြည့်နဲ့ ပိုမိုထမ်းဆောင်ပေးကြပါလို့ တိုက်တွန်းပြောကြား လိုပါတယ်။

အားလုံးသိကြတဲ့အတိုင်း ကျွန်မတို့နိုင်ငံကို ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအဖြစ် ပုံဖော်တည်ဆောက်ပေးနေပါတယ်။ တစ်နည်းအားဖြင့် ကျွန်မတို့မိဘဘိုးဘွားများ စတင်မျှော်မှန်းခဲ့ကြတဲ့ ပြည်ထောင်စုခရီးလမ်း၊ ပြည်ထောင်စုပန်းတိုင်ကို မရောက်ရောက်အောင် လျှောက်လှမ်း ချီတက် နေတာ ဖြစ်ပါတယ်။

ဒီနေ့ဒီအချိန်မှာ ကျွန်မတို့နိုင်ငံအတွက် အရေးကြီးဆုံး လိုအပ်ချက်ဟာ ငြိမ်းချမ်းရေးပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဘာလို့ အရေးကြီးတာလဲလို့ မေးခဲ့ရင် ကိုယ့်ပတ်ဝန်းကျင်အတွက်၊ ကိုယ့်နိုင်ငံအတွက်၊ လူသားများ အားလုံးအတွက်၊ ငြိမ်းချမ်းသောကမ္ဘာသစ် ဖြစ်စေချင်လို့ပါပဲ။

ကိုယ့်နိုင်ငံသူနိုင်ငံသားတွေ ငြိမ်းချမ်းဖို့လိုသလို တစ်ကမ္ဘာလုံး ငြိမ်းချမ်းမှ အားလုံးငြိမ်းချမ်းမှာဖြစ်တဲ့အတွက် ငြိမ်းချမ်းတဲ့ ကမ္ဘာသစ်ကြီး ဖြစ်ပေါ်ဖို့ကိုလည်း ကျွန်မတို့ ဦးတည်ချက်ထားရတာ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံသူ နိုင်ငံသားတွေကစပြီး၊ လူသားများအားလုံး ငြိမ်းချမ်းချင်တဲ့စိတ်၊ ငြိမ်းချမ်းတဲ့ဘက်ကို သွားလိုတဲ့ စိတ်တွေ ဖြစ်ပေါ် လာအောင် အနုပညာစွမ်းပကားတွေနဲ့ ဝိုင်းဝန်းဖော်ဆောင်ပေးကြဖို့ ကိုလည်း ကျွန်မအနေနဲ့ တိုက်တွန်းချင်ပါတယ်။

ဒါမှသာ ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်၊ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်း၊ ငြိမ်းချမ်းတဲ့နိုင်ငံမှာ လွတ်လပ်တဲ့ အနုပညာဖန်တီးမှုတွေ၊ ဖျော်ဖြေ တင်ဆက်မှုတွေ၊ ခံစားနားလည်မှုတွေ၊ တွေးခေါ်မြော်မြင်မှုတွေနဲ့ လောကကြီးကောင်းကျိုး၊ ကမ္ဘာကြီးကောင်းကျိုးကို ဖော်ဆောင်ပေးနိုင် ကြမှာ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ ခေတ်ကာလများ ဘယ်လိုပင် ပြောင်းလဲနေစေကာမူ ရုပ်ရှင်ခေတ်ဦးမှစပြီး ဒီနေ့ခေတ် တိုင်အောင် မြန်မာ့ရုပ်ရှင်သမိုင်းကို ပုံဖော်ထုဆစ်ပေးခဲ့ကြတဲ့ အနုပညာ ရှင်ကြီးအားလုံးရဲ့သမိုင်းဟာ ကျွန်မတို့နိုင်ငံမှာ ရှင်သန် လင်းလက်နေဆဲ ဖြစ်တယ်လို့ ကျွန်မအနေနဲ့ အပြည့်အဝ ယုံကြည်ပါတယ်။

ကုန်လွန်ခဲ့တဲ့ နှစ်(၁၀၀) ကာလအတွင်းမှာ ရုပ်ရှင်အနုပညာတွေကို ဖန်တီးထုတ်လုပ်ခဲ့ကြတဲ့ ကျွန်မတို့ရဲ့ လေးစားအပ်တဲ့ ရုပ်ရှင်ပညာရှင်ကြီး များ အားလုံးကို ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း ပြောကြားလိုပါတယ်။

ယခုလို မြန်မာ့ရုပ်ရှင် နှစ် (၁၀၀)ပြည့် အခမ်းအနားကို COVID-19 ရောဂါဆိုင်ရာ ကန့်သတ်ချက်တွေကြားက ကျင်းပပြုလုပ်နိုင်အောင် စီမံ ပေးခဲ့ကြသူ အားလုံးကို ကျေးဇူးတင်ရှိကြောင်းလည်း မှတ်တမ်းတင် ပြောကြားလိုပါတယ်။

ဒီနေ့ ဒီအချိန်မှာ ကျွန်မတို့အားလုံးဟာ တိုင်းပြည်နဲ့လူမျိုးအတွက် အနုပညာဖြင့် အကျိုးပြုပေးဆပ်ခဲ့ကြတဲ့ အနုပညာရှင်ကြီးများကို ကျေးဇူးဆပ်တဲ့အနေနဲ့ မျက်မှောက်ကာလ သာမက အနာဂတ်ကာလ များအတွက်ပါ ရည်မှန်းပြီး နိုင်ငံနဲ့ပြည်သူကို အကျိုးပြုတဲ့ အနုပညာရှင် များဖြစ်အောင် ကြိုးပမ်းပေးကြပါ။ အဆင့်အတန်း မြင့်မားတဲ့ ရုပ်ရှင် ဇာတ်ကားကောင်းများကို ဖန်တီး ထုတ်လုပ်ပေးကြပါ။ မြန်မာ့ရုပ်ရှင် သမိုင်း နှစ်ပေါင်းရာထောင်ချီ အဓွန့်ရှည် တည်တံ့အောင် ဝိုင်းဝန်း အားထုတ် ကြိုးပမ်းပေးကြပါလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။ ကျန်းမာချမ်းသာကြပါစေ။

သတင်း/ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံးစာမျက်နှာ
#AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here