မူးယစ်ဆေးဝါးဖမ်းဆီးစဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး

624

မူးယစ်ဆေးဝါးဖမ်းဆီးစဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး

စက်တင်ဘာ(၂၈) AlinnMyay(အလင်းမြေ)

မူးယစ်ဆေးဝါးဖမ်းဆီးစဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး၍ တရားခံ ၂ ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲပတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ဖြစ်စသ်မှာ ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ နေ့လည်ပိုင်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သီပေါမြို့နယ်၊ သီပေါတံတားအဝင် လားရှိုးမြို့မှ သီပေါမြို့ ဘက်သို့ အမျိုးသား ၃ ဦး လိုက်ပါလာသည့် Mark II အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရန် တားဆီးစဉ် နောက်ပြန်လှည့်မောင်းနှင်ထွက်ပြေးပြီး မိုင်တိုင်အမှတ်(၁၃၆/၄)နှင့် (၁၃၆/၅)ကြားတွင် နောက်မှ ပိတ်ဆို့ထားသည့်အဖွဲ့က အတားအဆီးများဖြင့် ပိတ်ဆို့ရာ ယာဉ်ရပ်တန့်ကာ ယာဉ်ရပ်လျင် ရပ်ချင်းယာဉ်ပေါ်မှ အမျိုးသား ၃ ဦး တံခါးဖွင့်ဆင်း၍ အမျိုးသား ၁ ဦးမှ လက်ထဲရှိ သေနတ်အတို (စိစစ်ဆဲ)ဖြင့် စတင်ပစ်ခတ်ခဲ့သဖြင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အမျိုးသား ၂ ဦးအား အရှင်ဖမ်းဆီးရမိခဲ့ပြီး ၁ ဦးမှာ လက်နက်နှင့်အတူ လွတ်မြောက်သွားခဲ့ကြောင်း။

အပြန်အလှန်ပစ်ခတ်မှုကြောင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီး အေးလွင် ကျည်ထိမှန်ကျဆုံးခဲ့ကြောင်း၊ ဖမ်းဆီးရမိ တရားခံများမှာ စိုင်းစံဌေး၊ နမ့်လန်ကျေးရွာ၊ သီပေါမြို့နယ်နေသူနှင့် စိုင်းမွမ်းဦး၊ မိုင်းတင်းကျေးရွာ၊ ကျောက်မဲမြို့နယ်နေသူတို့ဖြစ်ပြီး လက်နက် နှင့်အတူ ထွက်ပြေးသွားသူမှာ စိုင်းစောထွန်း ရပ်ကွက်(၂)၊ တုံလော့အုပ်စု၊ မိုင်းကိုင်မြို့နေသူဖြစ်ကြောင်း ယာဉ်ပေါ်မှ ဘိန်းဖြူ ၁၁၀ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၉၉၅ ပြား၊ ပွိုင့် ၂၂ ကျည် ၁၇ တောင့် တို့အား သိမ်းဆည်းရမိခဲ့သဖြင့် ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့အနေဖြင့် တိုင်းပြည် တာဝန်ကို အသက်ပေးဆောင်ရွက်ခဲ့သည့် တပ်ဖွဲ့ဝင်၏ ကျန်ရစ်သူ မိသားစုအား လူမှုရေးထောက်ပံ့ မှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်များထဲတွင် အပါအဝင်ဖြစ်သော ပြည်တွင်း လုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး တာဝန် များကို ဦးထိပ်ပန်ဆင် အလေးထားဆောင်ရွက်ရင်း အမိနိုင်ငံတော်နှင့် ရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာအတွက် လည်းကောင်း၊ မိမိအားပေးအပ်သည့် တာဝန်ကို ကျေပွန်လိုမှုအတွက်လည်းကောင်း၊ ယခုကဲ့သို့ အသက်ခန္ဓာပေးဆပ်ခဲ့ရသည့် အရာရှိ/အခြားအဆင့် ရဲတပ်ဖွဲ့ဝင် ရဲဇာနည်ပေါင်းများစွာ ရှိခဲ့ပါကြောင်း၊ အများပြည်သူ မျှဝေနားလည်ဂုဏ်ပြုပေးနိုင်ပါရန် ရဲဇာနည်ဖေ့ဘုတ်စာမျက်နှာမှ အသိပေးထားကြောင်းတွေ့ရသည်။

သတင်း/ဓာတ်ပုံ-မြန်မာနိုင်ငံရဲတပ်ဖွဲ့
#AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here