ရန်ကုန်တွင် ပြည်သူများအား(Stay Home)အမိန့် ထပ်မံထုတ်ပြန်ရမည်ဆိုပါက မိသားစုများအတွက် (၂)ပတ်စာခန့် စားသောက်နိုင်သည့် ရိက္ခာဖြန့်ဖြူးပေးနိုင်ရေး ဆွေးနွေး

712

ရန်ကုန်တွင် ပြည်သူများအား(Stay Home)အမိန့် ထပ်မံထုတ်ပြန်ရမည်ဆိုပါက မိသားစုများအတွက် (၂)ပတ်စာခန့် စားသောက်နိုင်သည့် ရိက္ခာဖြန့်ဖြူးပေးနိုင်ရေး ဆွေးနွေး

စက်တင်ဘာ(၂၃) AlinnMyay(အလင်းမြေ)

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း Ration စနစ်ဖြင့် အခြေခံစားကုန်များ ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိရန်ကိစ္စနှင့်စပ်လျဉ်းသည့် အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားချက်များ (၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့၊ ဒေါက်တာသန်းမြင့်၏ လူမှုကွန်ယက် ဖေ့ဘုတ်စာမျက်နှာတွင် သတင်းဖော်ပြချက်အပြည့်အစုံ)

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးအတွင်း Ration စနစ် ဖြင့် အခြေခံစားကုန်များ ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိရန်ကိစ္စနှင့်စပ်လျဉ်းသည့် အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရိက္ခာဖြန့်ဝေရန်လိုအပ်ပါက ဖြန့်ဝေပေးရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ညွှန်ကြားချက် ရှိ၍လည်းကောင်း၊ COVID-19 ဒုတိယလှိုင်းသည် ရန်ကုန်တိုင်းဒေသကြီးတွင် ပိုမိုကြုံတွေ့ ခံစားနေရ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လိုအပ်သည့်ကန့်သတ်မှုများ ပြုလုပ် နေ၍လည်းကောင်း၊ အဆိုပါတိုင်းဒေသကြီးရှိ ပြည်သူများသို့ ရိက္ခာဖြန့်ဝေနိုင်ရေးအတွက် ရိက္ခာဝယ်ယူစုဆောင်းရေးနှင့် ဖြန့်ဖြူးမည့်အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးကြစေလိုပါ ကြောင်း၊ အစည်းအဝေး၏ အဓိကရည်ရွယ်ချက်မှာ ဖြန့်ဝေမည့်ရိက္ခာများ အလွယ်တကူရရှိ ရေးနှင့် ရိက္ခာဖြန့်ဝေမှုကြောင့် လူစုလူဝေးမဖြစ်စေရန်ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၌ COVID-19 ရောဂါ ပြန့်ပွားမှုအပေါ် ကာကွယ်၊ ထိန်းသိမ်း၊ ကုသမှု ပြုနေကြသည့် ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များကို ချီးကျူးဂုဏ်ပြုပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက COVID-19 ပထမလှိုင်းကာလ၌ ရိက္ခာဖြန့်ဝေမှုကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ရောဂါပြန့်ပွားမှုများပြားနေခြင်း၊ လုပ်အားပေးခက်ခဲ မှုများ ဖြစ်ပေါ်နေခြင်းကြောင့် လူအများစိုးရိမ်ကြောင့်ကြမှုဖြစ်နေကြောင်း၊ လိုအပ်၍ ရန်ကုန် တွင် ပြည်သူများအား မိမိနေအိမ်တွင်သာ နေထိုင်စေမည့်အမိန့် ထပ်မံထုတ်ပြန်ရ မည်ဆိုပါက မိသားစုများအတွက် (၂) ပတ်စာခန့် စားသောက်နိုင်သည့် ရိက္ခာဖြန့်ဖြူးပေးနိုင်ရေး ဆွေးနွေး ကြရန်ဖြစ်ပါကြောင်း၊ ရိက္ခာခြောက် သာမက ရိက္ခာအစိုများ ဖြန့်ဖြူးပေးနိုင်ရေး စီစဉ်ဆောင် ရွက်ထားရန်လိုအပ်ပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် အရေးပေါ်ရိက္ခာစုဆောင်းမှုကို အတိုင်းအတာတစ်ခုအထိ စုဆောင်းပြီးဖြစ်ရာ ထပ်မံစုဆောင်း ရန်လိုအပ်သည်များ ဖြန့်ဖြူးပေးရေးအစီအစဉ်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန် ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များ၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့နှင့် ဘုရင်နောင်ကုန်စည်ဒိုင်တို့မှ တာဝန်ရှိသူများက ကုန်စည်စီးဆင်းမှု များနှင့်ပတ်သက်၍ အသီးသီးတင်ပြဆွေးနွေးရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ပြန်လည်ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

သတင်း/ဓာတ်ပုံ – U Than Myint
#AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here