၁၉ နှစ်အရွယ် မိန်းကလေးကို ရုပ်ရှင်ဆန်ဆန်ကားတင်ပြေးပြီး (၆)ရက်ခန့်ကြာမှ ပြန်လွှတ်ပေးခဲ့မှု (မိန်းကလေးပြောကြား)

413

၁၉ နှစ်အရွယ် မိန်းကလေးကို ရုပ်ရှင်ဆန်ဆန်ကားတင်ပြေးပြီး (၆)ရက်ခန့်ကြာမှ ပြန်လွှတ်ပေးခဲ့မှု (မိန်းကလေးပြောကြား)

သြဂုတ်(၃၁) AlinnMyay(အလင်းမြေ)

ကချင်ပြည်နယ် မိုးညှင်းမြို တွင် ညမှောင်စပျိုး အချိန်ခေါက်ဆွဲထွက်ဝယ်သောအသက်(၁၉)နှစ်အရွယ်အမျိုးသမီးတစ်ဦးအား ကားအနက်ရောင်စီးလာသည့်လူတစ်စုမှ ‌ဆေးတိုက်ပြီးကားတင်ပြေးကာအစာမကျွေးဘဲ ဆေးကျွေးကာ(၆)ရက်အကြာတွင်ပြန်လွှတ်ပေးခဲ့သဖြင့် မိုးညှင်းမြို့မရဲစခန်းတွင်အမှုဖွင့်လှစ်ထားခဲ့ကြောင်းသိရှိရသည်။

ဖြစ်ပွါးပုံမှာ ဩဂုတ်လ(၂၆)ရက်နေ့ည(၉)နာရီအချိန်ခန့်တွင် လွန်ခဲ့သောဩဂုတ်လ(၂၀)ရက်နေ့ကပျောက်ဆုံးသွားသော မ——- (၁၉)နှစ် (ဘ) ဦး——– ပင်းဟဲကျေးရွာ မိုးညှင်းမြို့နယ် နေထိုင်သူသည် မိုးညှင်းခရိုင်ဆေးရုံသို့ရောက်ရှိနေကြောင်းသတင်းရရှိခဲ့သဖြင့် မိုးညှင်းမြို့မရဲစခန်းမှူးဒုရဲမှူးဝင်းကျော်အောင်နှင့်တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ မနှင်းပွင့်ဇော်သည်မိုးညှင်းမြို့နယ် ဟဲလုံကျေးရွာအုပ်စု ပျော်ဘွယ်ကျေးရွာတွင်ဖွင့်လှစ်ထားသည့် ———– EducationCenter ဘော်ဒါဆောင်တွင် ဂိုက်ဆရာမအဖြစ် ဇူလိုင်လ(၂၀)ရက်နေ့မှစတင်လုပ်ကိုင်ခဲ့ပြီး ဩဂုတ်လ(၂၀)ရက်နေ့ ည(၇)နာရီအချိန်ခန့်တွင် အဆောင်နေကျောင်းသား/သူများစားသုံးရန်အတွက် မိုးညှင်းမြို့နတ်ကြီးကုန်း(ဗမာပိုင်း)ရပ်ကွက်ရှိရွှေဇင်ယော်ခေါက်ဆွဲစက်သို့ခေါက်ဆွဲဝယ်ရန်ထွက်လာစဉ် အုတ်ကျင်းရပ်ကွက် အမှတ်(၃)အထက်တန်းကျောင်းရှေ့ရောက်စဉ် အနက်ရောင်မှန်လုံပိတ်‌မော်တော်ယာဉ်တစ်စီးဆိုင်ကယ်ရှေ့မှပိတ်ရပ်ကာ မျက်နှာတွင်အနက်ရောင်ပိတ်စများစည်းထားသည့်လူတစ်စုဆင်းလာပြီး မနှင်းပွင့်ဇော် ၏မျက်နှာအားပိတ်စနှင့်အုပ်ကာ ကားပေါ်ဆွဲတင်ခဲ့‌ကြောင်း၊ကားပေါ်ရောက်သည့်အခါ မ———- အားဝိုင်းချုပ်ပြီးပါးစပ်အတွင်းဆေးအတင်းတိုက်ခဲ့သဖြင့် ခန္ဓာကိုယ်ပျော့ခွေသွားကာ ကားမောင်းထွက်ခဲ့ရာနာရီဝက်ခန့်အကြာတွင်နေအိမ်တစ်အိမ်သို့ရောက်ရှိပြီး အခန်းတစ်ခန်းအတွင်းထည့်၍ မျက်စိနှင့်ပါးစပ်အားအဝတ်နှင့်ပိတ်ပြီးလက်နှစ်ဖက်အား ပူးကာကြိုးချည်တုပ်ထားခဲ့ကြကြောင်း ရဲမှတ်တမ်းများအရသိရသည်။

ဩဂုတ်လ(၂၁)ရက်နေ့မနက်တွင်ထမင်းတစ်နပ်ကျွေးပြီး ဆေးများတိုက်ခဲ့သဖြင့် သတိလစ်ခဲ့ကြောင်းနောက်နေ့များတွင်လည်း အစာမကျွေးဘဲ တစ်နေ့လျင်ဆေး(၅/၆)ကြိမ်ခန့်တိုက်ကျွေးခဲ့ပြီး ဩဂုတ်လ(၂၆)ရက်နေ့တွင် မ——— အနီးရှိအမျိုးသားတစ်ဦးမှ မ——– ၏ အဆောင်မှူး‌———– ထံသို့ဖုန်းဆက်သံကြားရာတွင် ဒေါ်‌———- အားမကျေနပ်၍ ၎င်းချစ်သော မ———- အားခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းပြောသံကြားရပြီး ဒေါ်———- ဘက်မှလည်း ၎င်းနှင့်မဆိုင်ကြောင်း မ——— ကိုလည်းဆိုင်ကယ်နှင့်ပိုက်ဆံယူသွားသဖြင့် တိုင်ကြားနိုင်ကြောင်း မင်းတို့လုပ်ချင်ရာလုပ် ဟုပြောကြားသံကြားရကြောင်း ၎င်းတို့ပြောသံအရ ရဲသီဟ ဟူသောအမည်ကိုလည်းကြားရပြီး မ———အနီးရှိအမျိုးသားမှ မင်းကိုပြန်ပို့ပေးမယ်ဟုပြောပြီးဆေးများတိုက်ကာ ကားပေါ်တင်ပြီး နာရီဝက်ခန့်မောင်း၍ မ——— အားမျက်နှာ ပါးစပ်မှအဝတ်များနှင့်လက်မှကြိုးကိုဖြည်ပေးကာ ကား‌ပေါ်မှချထားခဲ့ပြီးကားအားမောင်းနှင်ထွက်ခွါသွားကြသည်။

မ———- သည်ပတ်ဝန်းကျင်အားလေ့လာကြည့်ရာ အောင်ချမ်းသာရပ်ကွက်ရှိ သန့်စင်အောင်နည်းပြ ဘော်ဒါဆောင်ရှေ့ရောက်နေသည်ကိုတွေ့ရပြီး ည(၈)နာရီခွဲခန့်ရှိပြီဟုခန့်မှန်းရကာ စက်ကုန်းရပ်ကွက်ရှိ သူငယ်ချင်းဖြစ်သူ၏နေအိမ်သို့လမ်းလျောက်လာစဉ်စက်ကုန်းမူလတန်းကျောင်းအနီးလမ်းဆုံအရောက်တွင် သတိလစ်လဲကျခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့ကြောင်းသိရသည်။

မ———- ၏ဖခင် ဦး——— မှ”ကျွန်တော့်သမီးက မိုးညှင်းဒီဂရီကောလိပ်တွင် ဒုတိယနှစ်တက်ရမှာဖြစ်ပြီး သူ့ ဆရာမဖြစ်သူဒေါ်——— ထံမှာဂိုက်လုပ်နေပါတယ် ဩဂုတ်လ(၂၀)ရက်နေ့မှာ ပျောက်ဆုံးသွားလို့ မိုးညှင်းမြို့မရဲစခန်း၌လူပျောက်တိုင်ကြားခဲ့ပြီး ဩဂုတ်လ(၂၆)ရက်နေ့ ည(၉)နာရီအချိန်လောက်မှာ သမီးဖြစ်သူ မ——– ရဲ့ သူငယ်ချင်းဖြစ်သူကဖုန်းဆက်အကြောင်းကြားလို့ စက်ကုန်းရပ်ကွက်သို့လိုက်လာပြီး သမီးဖြစ်သူကို မိုးညှင်းခရိုင်‌ဆေးရုံသို့ပို့ဆောင်ကာဆေးဝါးကုသမှုခံယူနေတဲ့အချိန်မှာ သမီးဖြစ်သူ၏ပါးစပ်မှ”ဆရာမသိပ်ရက်စက်တယ်” လို့ဂယောင်ဂတမ်းပြောသံလဲကြားရပါတယ်၊ အခုဖြစ်စဉ်နဲ့ပတ်သက်လို့ လုံးဝမကျေနပ်ပါဘူးရဲတပ်ဖွဲ့အနေနဲ့လည်းတရားခံကိုအမြန်ဆုံးဖေါ်ထုတ်ပေးစေချင်ပါတယ်”ဟုပြောကြားခဲ့သည်။

မ——– မှလည်း”အခုလိုမင်းမဲ့စရိုက်ဆန်မှုအတွက်တာဝန်ရှိသူ‌တွေအ‌နေနဲ့တရားဥပဒေအတိုင်းဖြစ်စေချင်ပါတယ်၊တရားဥပဒေကိုငွေကြေးနဲ့မရောယှက်စေချင်ပါဘူး၊ဒါမှလည်းအခြေခံလူတန်းစားတွေအတွက်တရားမျှတမှုရှိလာမှာပါ၊ငွေကြေးနဲ့အရာအားလုံးကိုဆုံးဖြတ်မယ်ဆိုရင်စစ်မှန်တဲ့အမှန်တရားကပေါ်ပေါက်မှာမဟုတ်တဲ့အပြင် ဥပဒေ ဟာအခြေခံလူတန်းစားတွေအတွက်အားကိုးရာလဲဖြစ်မှာမဟုတ်ပါဘူး၊အမှုကိုလည်းအမြန်ဆုံဖေါ်ထုတ်ပြီးတရားခံတွေကိုလည်းထိုက်တန်တဲ့ပြစ်ဒဏ်ချမှတ်စေချင်ပါတယ်”ဟုပြောကြားကာ ဩဂုတ်လ(၂၈)ရက်နေ့နေ့လယ်(၁၁)နာရီအချိန်တွင်ဆေးရုံမှဆင်းခွင့်ရသဖြင့် မိုးညှင်းမြို့မရဲစခန်းတွင်အမှုဖွင့်လှစ်ခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မိုးညှင်းမြို့မရဲစခန်းမှ(ပ)၁၁၅/၂၀၂ဝပုဒ်မ ၃၄၇ ဖြင့်အမှုရေးဖွင့်ကာ မ———- အားဖမ်းဆီးခေါ်ဆောင်သွားသူများအားဥပဒေနှင့်အညီအရေးယူနှိုင်ရန်အတွက် စုံစမ်းရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်းသိရှိရသည်။

ဦးခင်မောင်ဦး(မိုးညှင်း) #AlinnMyay(အလင်းမြေ)
#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here