ရွာတန်းရှည်ကျေးရွာအပါအဝင် ကျေးရွာအုပ်စု တစ်စုလုံးအား အသွားအလာကန့်သတ်ထား

797

ရွာတန်းရှည်ကျေးရွာအပါအဝင် ကျေးရွာအုပ်စု တစ်စုလုံးအား အသွားအလာကန့်သတ်ထား

သြဂုတ်(၂၉) AlinnMyay(အလင်းမြေ)

လူနာအမှတ် ( ၆၀၆ ) အား ယမန်နေ့ သြဂုတ် ၂၈ ရက်နေ့က Positive လူနာဖြစ်ကြောင်း သက်ဆိုင်ရာမှ ကြေငြာပြီးနောက် ၄င်းနေထိုင်ခဲ့သော တောင်ငူမြို့နယ် ရွာတန်းရှည်ကျေးရွာအပါအဝင် အနောက်ဆင်ရွာကျေးရွာအုပ်စု တစ်ခုလုံးအား အသွားအလာ ကန့်သတ်ထားကြောင်း သိရသည် ။

အဆိုပါ အသွားအလာ ကန့်သတ်ထားသောကျေးရွာများသည် တောင်ငူမြို့နယ် အနောက်ဆင်ကျေးရွာအုပ်စုထဲတွင်ပါဝင်ပြီး ဆင်ရွာကြီးကျေးရွာ ၊ ကျောင်းစုကျေးရွာ ၊ ရွှေလေးတောကျေးရွာ နှင့် ရွာတန်းရှည်ကျေးရွာတို့ဖြစ်ကြကြောင်းသိရသည် ။

” သြဂုတ်လ ၂၈ ရက် မနက်ပိုင်းထဲက ကျေးရွာ တာဝန်ရှိသူတွေက ဘယ်မှ မသွားမလာဖို့ နိုးဆော်ထားတာပါ ကျေးရွာအုပ်ချုပ်ရေးပိုင်းကတော့ ၁၄ ရက် အသွားအလာ ကန့်သတ်မယ်လို့ ပြောထားပါတယ် ” ဟု ကျေးရွာသား တစ်ဦးက​ဆိုသည် ။

အသွားအလာ ကန့်သတ်ထားသော အနောက်ဆင်ကျေးရွာအုပ်စုသည် တောင်ငူမြို့ နှင့် အခြားရွာများသို့ ကုန်သွယ် ကူးသန်းရာ လမ်းသည် ၁၅ ပေ တာလမ်း တစ်လမ်းသာရှိပြီး ရွာ၏ အရှေ့ဘက်တွင် စစ်တောင်းမြစ် နှင့် ကပ်လျှက်ကျေးရွာများ ဖြစ်ကြပြီး အဆိုပါ ကျေးရွာအုပ်စုတွင် လူဦးရေ ၂၅၈၀ ကျော်နေထိုင်ကြပြီး အိမ်ခြေပေါင်း ၆၅၃ စုဝန်းကျင် နေထိုင်ကြကြောင်းလည်း သိရသည် ။

” Positive လူနာပေါ်တာက ရွာတန်းရှည်ကျေးရွာကို လာလည်သူထံက ပေါ်တာပါ လက်ရှိအခြေအနေမှာ အနောက်ဆင်ကျေးရွာအုပ်စု တစ်ခုလုံး အသွားအလာ ကန့်သတ်ထားတော့ ရေရှည်မှာ စားသောက်ရေးအတွက် အခက်ခဲတွေဖြစ်လာနိုင်ပါတယ် ယခုအခြေအနေမှာလည်း လက်လုပ် လက်စား သမားတွေအတွက် မိသားစုလိုက် ထိုင်ငတ်ရမည့် အခြေအနေ ရောက်နေပြီဖြစ်ကြောင်း ” အသွားအလာကန့်သတ်ခံထားရသည့် ရွှေလေးတောကျေးရွာ သားတစ်ဦးက ဆိုသည် ။

တောင်ငူမြို့နယ် ၊ အနောက်ဆင်ကျေးရွာအုပ်စု ၊ ရွာတန်းရှည်ရွာသို့ စစ်တွေမှ လာရောက်လည်ပတ်ခဲ့သော အမျိုးသမီး တစ်ဦးထံမှ COVID – 19 ကူးစက်ရောဂါ Positive တွေ့ရှိခဲ့ပြီး ယင်းနှင့် ဆက်စပ်သည့် လူများအားလည်း ကျန်းမာရေး ဋ္ဌာနမှ အချိန် နှင့် တပြေးညီ စစ်ဆေးဆောင်ရွက်နေကြောင်းသိရသည် ။

နေလင်းအောင်(တောင်ငူ) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here