(၄) ဦးမှာ မကြာမီရက်ပိုင်းအတွင်း လုပ်ငန်းတာဝန်ဖြင့် စစ်တွေမြို့သို့ ခရီးသွားခဲ့သူများကြောင်း RI အသိပေးဖော်ပြ

594

၂၆ ရက်နေ့ နံနက်ပိုင်းသတင်းထုတ်ပြန်ချက်တွင် ပါဝင်ခဲ့သော ကိုဗစ်လူနာ ၆ ဦးသည် RI, မြေပုံမြို့နယ်ရုံးခွဲမှ ကျန်းမာရေးဝန်ထမ်းများဖြစ်ကြပြီး (၄) ဦးမှာ မကြာမီရက်ပိုင်းအတွင်း လုပ်ငန်းတာဝန်ဖြင့် စစ်တွေမြို့သို့ ခရီးသွားခဲ့သူများကြောင်း RI အသိပေးဖော်ပြ

သြဂုတ်(၂၇) AlinnMyay(အလင်းမြေ)

Relief International ၏ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ရုံးခွဲမှ ဝန်ထမ်းအချို့ Covid-19 ကူးစက်မှုနှင့်ပတ်သက်၍ သြဂုတ်လ ၂၆ ရက်နေ့တွင် Relief International, Myanmar Country Office မှ မိဘပြည်သူများအား အောက်ပါအတိုင်း အသိပေးဖော်ပြထားသည်။

(Relief International, Myanmar Country Office မှ ဖော်ပြချက်အပြည့်အစုံ)
– ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်၊ ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၏ တို့ဖတ်စမ်းသပ်စစ်ဆေးမှုအရ Relief International ၏ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ရုံးခွဲတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော Case# 520, Case# 521, Case# 522, Case# 523, Case# 524 နှင့် Case# 525 တို့သည် COVID-19 ရောဂါကူးစက်မှု အတည်ပြုချက်ကိုသိရှိခဲ့ရပါသည်။ အဆိုပါဝန်ထမ်း (၆) ဦးမှာ RI, မြေပုံမြို့နယ်ရုံးခွဲမှ ကျန်းမာရေးဝန်ထမ်းများဖြစ်ကြပြီး (၄) ဦးမှာ များမကြာမီရက်ပိုင်းအတွင်းက လုပ်ငန်းတာဝန်ဖြင့် စစ်တွေမြို့သို့ ခရီးသွားခဲ့သူများလည်းဖြစ်ကြပါသည်။ သို့သော် ရခိုင်ပြည်နယ်ပြင်ပနှင့် ပြည်ပသို့ ခရီးသွားလာခဲ့ခြင်းမရှိကြပါ။

– ထို COVID-19 ရောဂါပိုးကူးစက်ခံရသော ကျန်းမာရေးဝန်ထမ်းများအနက် (၄) ဦးမှာ RI ၏ မြေပုံမြို့နယ်ရုံးခွဲတွင် တာဝန် ထမ်းဆောင်ရန်အတွက် ယခုနှစ်၊ မေလနှောင်းပိုင်းနှင့် ဇွန်လအစောပိုင်းတို့တွင် ရခိုင်ပြည်နယ်သို့ အသီးသီး ရောက်ရှိခဲ့ကြပါသည်။ ၎င်းတို့အနေဖြင့် ရခိုင်ပြည်နယ်သို့ရောက်ရောက်ချင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ဒေသဆိုင်ရာအစိုးရ၏ လမ်းညွှန်ချက်အတိုင်း သတ်မှတ်ထားသောနေရာများတွင် Hotel quarantine (၂၁) ရက်ကို စစ်တွေမြို့တွင် နေထိုင်ခဲ့ကြပြီး Home quarantine (၇) ရက်တို့ကိုလည်း ဆက်လက်နေထိုင်ခဲ့ကြပါသည်။ ကျန်ရှိသော ကျန်းမာရေးဝန်ထမ်း (၂) ဦးမှာ ရခိုင်ပြည်နယ်မှ ဒေသခံများဖြစ်ကြပါသည်။

– ရောဂါပိုးကူးစက်ခံရသောဝန်ထမ်းများအားလုံးသည် ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့မှ စတင်ကာ Home Quarantine နေထိုင်ခဲ့ကြသူများဖြစ်ပြီး ယခုအခါတွင် စစ်ဆေးချက်အဖြေအရ ယနေ့ ဩဂုတ်လ ၂၆ ရက်နေ့၊ မွန်းလွဲပိုင်းမှစတင်ကာ သက်ဆိုင်ရာဆေးရုံသို့ သွားရောက်ကုသမှုခံယူနေကြပြီဖြစ်ပါသည်။ ၎င်းဝန်ထမ်း (၆) ဦး၏ လက်ရှိကျန်းမာရေး အခြေအနေမှာလည်း လက်ရှိအချိန်တွင် သက်သာကောင်းမွန်လျက်ရှိကြပါသည်။

– ယနေ့ ဩဂုတ်လ၊ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် တို့ဖတ်စစ်ဆေးပြီးစီးမှုများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အကြောင်းကြားချက်အရ ကျန်ရှိသော မြေပုံမြို့နယ်ရုံးခွဲရှိဝန်ထမ်းများမှာ COVID-19 ရောဂါပိုး ကူးစက်ခြင်း မရှိကြောင်းသိရှိရပါသည်။ ၎င်းဝန်ထမ်းများအားလုံးသည်လည်း ဩဂုတ်လ (၂၀) ရက်နေ့မှစတင်ကာ မိမိတို့နေထိုင်ရာနေရာအသီးသီးတွင် Home Quarantine နေထိုင်လျက်ရှိသူများဖြစ်ကြပြီး ဆက်လက်၍လည်း Home Quarantine (၁၄) ရက်အနည်းဆုံးနေထိုင်သွားမည်ဖြစ်ကာ သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာန၏လမ်းညွှန်ချက်အတိုင်း လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါသည်။

– ယခင်နေ့က ထုတ်ပြန်ခဲ့သည့် Relief International, မြောက်ဦးရုံးခွဲရှိ COVID-19 ရောဂါကူးစက်မှုနှင့်ပတ်သက်၍ ထပ်မံသိရှိမှုအဖြစ် ယနေ့နံနက်ပိုင်းအထိစစ်ဆေးမှုအဖြေအရ ကျန်ရှိသောဝန်ထမ်းများတွင် ရောဂါပိုးကူးစက်ခြင်းမရှိကြောင်း သိရှိရပါသည်။ ၎င်းဝန်ထမ်းများသည်လည်း သက်ဆိုင်ရာအစိုးရနှင့် ကျန်းမာရေးဦးစီးဌာနက လမ်းညွှန်ထားသည့်အတိုင်း သတ်မှတ်ထားသည့် နေရာအသီးသီးတွင် Quarantine အဖြစ် အနည်းဆုံး (၁၄) ရက်ပြည့်အောင် ဆက်လက်နေထိုင်သွားမည်ဖြစ်ကာ ကျန်းမာရေးဦးစီးဌာန၏ ဆက်လက်ညွှန်ကြားမှုများကိုလည်း လိုက်နာသွားမည် ဖြစ်ပါသည်။

– ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ (၁၉) ရက်နေ့တွင် စစ်တွေမြို့တွင်ဖြစ်ပေါ်ခဲ့သော RI ဝန်ထမ်းများမဟုတ်ကြသည့် COVID-19 case (၄) ခုကြောင့် ရခိုင်ပြည်နယ်ရှိ Relief International ၏ ရုံးခွဲများကို ယင်းနေ့တွင်ပင် ပိတ်ထားခဲ့ပြီး ဆောင်ရွက်ဆဲ လုပ်ငန်းများကိုပါ ယာယီရပ်ဆိုင်းခဲ့ပါသည်။

– ယခုအခါ Relief International အနေဖြင့် သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ လမ်းညွှန်ချက်များကို အချိန်နှင့်တပြေးညီ ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း မိဘပြည်သူများအား လေးစားစွာဖြင့် အသိပေးပြန်ကြားအပ်ပါသည်။

Source – Relief International, Myanmar Country Office

LEAVE A REPLY

Please enter your comment!
Please enter your name here