ကားနောက်ခန်းမှာ ပစ္စည်းထုပ်ပိုးနေစဉ် ရှေ့ခန်းက ရွှေထည်ပစ္စည်းများခိုးယူမှု

537

ကားနောက်ခန်းမှာ ပစ္စည်းထုပ်ပိုးနေစဉ် ရှေ့ခန်းက ရွှေထည်ပစ္စည်းများခိုးယူမှု

ကားနောက်ခန်းမှာ ပစ္စည်းထုပ်ပိုးနေစဉ် ရှေ့ခန်းက ရွှေထည်ပစ္စည်းများခိုးယူမှုမှ ခိုးမှုကျူးလွန်သူတရားခံအား ရဲတပ်ဖွဲ့ဝင်များမှ (၂)နာရီအတွင်း ဖော်ထုတ်ရရှိဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းမှန်ပြန်ကြားရေး သတင်းစာမျက်နှာ ဖော်ပြချက်အရသိရသည်။

ဖြစ်စဉ်သတင်းဖော်ပြချက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဇလွန်းကျေးရွာနေ ဦးအောင်မင်းနိုင်နှင့် သမီးဖြစ်သူ မကေသီဝင်းတို့သည် ဩဂုတ်လ ၂၃ရက် နံနက် ၃နာရီအချိန် ထားဝယ်မြို့၊ သင်္ဘောဆိပ် ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်း၊ ကမ်းနားဈေးအရှေ့ဘက်တွင် Light Truck အဖြူရောင်ယာဉ်အားရပ် ထားပြီး ဦးအောင်မင်းနိုင်သည် ဈေးအတွင်းသို့ ပစ္စည်းများသွားရောက်ဝယ်နေကြောင်း၊ ထိုအချိန်တွင် မကေသီဝင်းမှ ယာဉ်နောက်ခန်းတွင် ပစ္စည်းများအားထုပ်ပိုးနေစဉ် ယာဉ်မောင်းဘေးထိုင်ခုံနောက်တွင်ချိတ်ထားတဲ့ အညိုရောင်လက်ဆွဲအိတ်အတွင်းထည့်ထားသော ရွှေထည်ပစ္စည်းများ၊ လက်ပတ်နာရီ(၁)လုံး၊ လက်ကိုင်ဖုန်း(၁)လုံး စုစုပေါင်းတန်းဖိုး(၁၇၈၅ဝဝဝဝိ/-)တို့အား ခိုးယူထွက်ပြေးသွားကြောင်း၊ အနီးရှိ လူများနှင့် လိုက်လံဖမ်းဆီးရာ ထွက်ပြေးလွတ်မြောက်သွားသဖြင့် ဦးအောင်မင်းနိုင်မှ နံနက် ၈နာခွဲ အချိန် ရဲစခန်းသို့လာရောက်တိုင်ကြားခဲ့ကြောင်း၊ ထားဝယ်မြို့မရဲစခန်းမှ (ပ)၃၀၇၇/၂၀၂၀၊ ရာဇသတ်ကြီး ဉပဒေပုဒ်မ ၃၈၀ ဖြင့် အမှုရေးဖွင့် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့နောက်တွင် အမှုမှ ခိုးမှုကျူးလွန်သူတရားခံအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ဒုရဲအုပ် ဝင်းမင်းဦး ဦးဆောင်၍ နယ်ထိန်းတပ်ဖွဲ့ဝင်များနှင့်အတူ စုံစမ်းဆောင်ရွက်ခဲ့ရာ ထားဝယ်မြို့၊ ဇရပ်ရပ်ကွက်၊ ဈေးတောင်ဘက်လမ်းရှိ ဦးမိုးကျော်၏ရွှေဆိုင်သို့ အမည်မသိလူငယ်တစ်ဦးမှ ရွှေဆွဲသီး(၁)ခုအား ရောင်းချရန်ပြသနေသည်ကို နယ်ထိန်း ရဲတပ်ကြပ် အောင်ဇင်ဌေးမှ မသင်္ကာဖွယ်တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးမေးမြန်းရာ စိုးမိုးဦး(၁၉)နှစ်၊ ဒေါင်းငူရပ်ကွက်နေသူဖြစ်ပြီး အဆိုပါရွှေဆွဲသီးအား ပိုင်ဆိုင်ကြောင်းတစ်စုံတစ်ရာပြသနိုင်ခြင်းမရှိသဖြင့် ရဲစခန်းသို့ခေါ်ယူစစ်ဆေးရာ ကမ်းနားဈေး အရှေ့ဘက်တွင်ရပ်ထားသော ယာဉ်ပေါ်မှခိုးယူခဲ့ကြောင်း၊ ကျန်ပစ္စည်းများအား နေအိမ်တွင် ဝှက်ထားကြောင်းသိရှိရသဖြင့် သက်သေများနှင့်အတူ သွားရောက်သိမ်းဆည်းခဲ့ပြီး ခိုးမှုကျူးလွန်သူအား ထိုက်သင့်သည့်ပြစ်ဒဏ်ရရှိရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း ဆက်လက်ဖော်ပြထားသည်။

သတင်း/ဓာတ်ပုံ- ပြည်ထဲရေးဝန်ကြီးဌာနသတင်းမှန်ပြန်ကြားရေး

LEAVE A REPLY

Please enter your comment!
Please enter your name here