အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အကြိမ်(၂၀) မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးသို့ တက်ရောက်မိန့်ခွန်း ပြောကြားခြင်း

579

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အကြိမ်(၂၀) မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးသို့ တက်ရောက်မိန့်ခွန်း ပြောကြားခြင်း

သြဂုတ်(၂၀) AlinnMyay(အလင်းမြေ)

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အကြိမ်(၂၀) မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးသို့ တက်ရောက်မိန့်ခွန်း ပြောကြားခြင်း (နိုင်ငံတော်အတိုင်ပင်ရုံး သတင်းစာမျက်နှာ ဖော်ပြချက်အပြည့်အစုံ)

အကြိမ်(၂၀)မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၁ (MICC-I) ပတ္တမြားခန်းမ၌ ကျင်းပရာ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်း ပြောကြားသည်။

အစည်းအဝေးသို့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ UPDJC အဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးသိန်းဆွေ၊ ဒေါက်တာ ဝင်းမြတ်အေးနှင့် နိုင်သက်လွင်၊ ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်း၊ ဗိုလ်ချုပ်စန်းမြင့်၊ ဗိုလ်ချုပ်စိုးနိုင်ဦးနှင့် ဗိုလ်မှူးချုပ်ရဲရင့်ဝင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ခွန်မောင်သောင်းနှင့် ဦးပြုံးချို (ခ) ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအစုအဖွဲ့မှ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်း(CNF)၊ စဝ်စိုင်းငင်း(RCSS)၊ ဦးမျိုးဝင်း (ABSDF)၊ စောမြရာဇာလင်း(ALP)၊ ပဒိုစောတာဒိုမူး(KNU)၊ ခွန်မြင့်ထွန်း(PNLO)၊ စောစိန်ဝင်း(DKBA)၊ စောကျော်ညွန့် (KNU/ KNLA PC)၊ နိုင်အောင်မင်း(NMSP)၊ ကျာဆော် လမွန်(LDU)၊ မိဆူးပွင့် (ABSDF)၊ ဆလိုင်းထလာဟေး (CNF)၊ ဒေါက်တာစိုင်းဦး(RCSS)၊ စောစမစ်ဒွန်း(DKBA)၊ ခိုင်လင်းခိုင် (ALP)နှင့် ပဒိုစောအယ်ကလူစေး (KNU)၊ နိုင်ငံရေး ပါတီများအစုအဖွဲ့မှ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသုဝေ(ဒီမိုကရက်တစ်ပါတီ(မြန်မာ))၊ ဦးနိုင်ငံလင်း(NLD)၊ ဦးမြင့်စိုး(USDP)၊ စိုင်းကျော်ညွန့် (SNLD)၊ တာလှဖေ (တအာင်း(ပလောင်))၊ ဦးသိန်းထွန်း(NUP)၊ ဦးအောင်ကြည်ညွန့် (NLD)၊ ဒေါက်တာ အောင်မြတ်ဦး (USDP)၊ ဦးဦးလှစော(ANP)၊ ခွန်ထွန်းရွှေ(PNO)၊ ဦးဇမ်ဇမုန် (ဇိုမီးဒီမို ကရေစီပါတီ)၊ ဦးရွှေမင်း (လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ))၊ ဒေါက်တာတူးဂျာ(ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ နိုင်တလညီ(မွန်ညီညွတ်ရေးပါတီ)၊ ဒေါ်ရင်ရင်မေ (ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ)နှင့် စောထွန်းအောင်မြင့် (ကရင် ပြည်သူ့ပါတီ)နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က မိန့်ခွန်းပြောကြားသည်။
(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံကို သီးခြားဖော်ပြထားပါသည်။)

ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ယခုကျင်းပသည့် အကြိမ်(၂၀)မြောက် UPDJC အစည်းအဝေး၏ အဓိကဦးတည်ချက်သည် (၁၉) ကြိမ်မြောက် UPDJC အစည်း အဝေးဆုံးဖြတ်ချက်များကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထ အစည်းအဝေးတွင် ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုနိုင်ရန် မိမိတို့ UPDJC အတွင်းရေးမှူးအဖွဲ့က တင်ပြလိုက်သည့် အချက်များကို အတည်ပြုရန်ဖြစ်ပါကြောင်း၊ ယင်းသဘောတူစာချုပ်တွင် အပိုင်း ၃ ပိုင်း ပါဝင်ပါကြောင်း၊ အပိုင်း (၁) တွင် NCA အကောင် အထည်ဖော်မှုဆိုင်ရာသဘောတူ ညီချက် ၁၅ ချက်၊ အပိုင်း (၂) တွင် ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်အလိုက် အကောင် အထည်ဖေါ်မှုများတွင် အချက် ၈ ချက် ပါဝင်ပြီး အပိုင်း (၃) တွင် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ သဘောတူညီချက် ၅ ချက် ပါဝင်ပါကြောင်း၊ ယင်းအချက်များကို မိမိတို့ ယခုအစည်းအဝေးတွင် အတည်ပြုပြီး ဩဂုတ် ၂၁ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၌ ပြည်ထောင်စုသဘောတူစာချုပ် အစိတ် အပိုင်း (၃) အဖြစ် ချုပ်ဆိုနိုင်ရန်အတွက် ဝိုင်းဝန်းဆွေးနွေး အတည်ပြုပေးကြရန် မေတ္တာရပ်ခံ ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုတိယ ဥက္ကဋ္ဌ ဦးသုဝေက ပြည်ထောင်စုမြန်မာနိုင်ငံသည် နိုင်ငံသားအားလုံးပိုင်ဆိုင်သည့်အတွက် ပြည်ထောင်စုကြီး၏ အသီးအပွင့်များကို အားလုံးမျှမျှတတ ဆွတ်ယူစားသုံးနိုင်ခွင့်ရှိပြီး ပြည်ထောင်စုကြီး၏ အန္တရာယ်ကိုလည်း အားလုံးဝိုင်းဝန်း ကာကွယ်ရန် တာဝန်ရှိပါကြောင်း၊ လူ့အခွင့်အရေးမရှိပါက လူဖြစ်ကျိုး မနပ်ပါကြောင်း၊ သို့သော်လည်း မိမိအခွင့်အရေး ရယူချင်သကဲ့သို့ တခြားသူများ၏ အခွင့်အရေးအတွက်လည်း လေးစားရမည်ဖြစ်ပါကြောင်း၊ အခွင့်အရေးနှင့် တာဝန်သည် ခွဲခြား၍မရပါကြောင်း၊ မိမိ၏ အခွင့်အရေးကိုရယူသည့်အခါ အခြားသူများ၏ အခွင့်အရေးကို မထိပါးအောင် ဥပဒေများ ပြဌာန်းပေးထားပါကြောင်း။

ခေတ်သစ်ကမ္ဘာကြီးတွင် နိုင်ငံအသီးသီးက ခေတ်မှီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ် အောင် ကြိုးပမ်းကြပါကြောင်း၊ နိုင်ငံသားတစ်ဦးချင်းစီကလည်း နိုင်ငံကြီးသား အရည်အချင်း ရှိအောင် နေထိုင်ကြပါကြောင်း၊ မည်သည့်နိုင်ငံမဆို ထိပ်တန်းနိုင်ငံဖြစ်ရန်အတွက် ပြည်သူ များ ညီညွတ်ကြရမည်ဖြစ်ပါကြောင်း၊ ပြည်သူတစ်ရပ်လုံးတောင့်တနေကြသည့် ပြည်ထောင် စုငြိမ်းချမ်းရေး ရရှိအောင် အားလုံးညီညီညွတ်ညွတ်နှင့် ကြိုးပမ်းကြသည့်အတွက် ငြိမ်းချမ်း ရေးအဆင့် တစ်ခုအထိ ပြီးမြောက်အောင်မြင်ခဲ့သည့်အပေါ် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါ ကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အစည်းအဝေးအစီ အစဉ်များ အတည်ပြုခြင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထ အစည်းအဝေး၌ ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း(၃)တွင် ထည့်သွင်းချုပ်ဆို မည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်၊ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ (ဇယား-၁)၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ သဘောတူညီချက်များကို အတည်ပြုခြင်း၊ ညီလာခံကိစ္စရပ်များဖြစ်သည့် ညီလာခံတတိယနေ့အစီအစဉ်၊ ညီလာခံတွင် လုပ်ငန်းတာဝန်ခွဲဝေမှုနှင့် သဘောတူစာချုပ် တွင် လက်မှတ်ရေးထိုးမည့် ပုဂ္ဂိုလ်များနှင့် အသိသက်သေများကိစ္စနှင့် အထွေထွေ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုတိယ ဥက္ကဋ္ဌ ဦးသုဝေက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ညီလာခံဖွင့်ပွဲ အခမ်းအနားတွင် ကယားလူငယ်အဖွဲ့က ဂုဏ်ပြုသီဆိုခဲ့သည့် သီချင်း၏ ရည်မှန်းချက်ထဲတွင် ငြိမ်းချမ်းရေး သည် ပြည်ထောင်စုအတွက် များစွာအရေးပါ အရာရောက်ပြီး အရေးကြီးသည်ဟု ပါဝင်ပါ ကြောင်း၊ မိမိတို့အနေဖြင့်လည်း ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းလျက်ရှိပါကြောင်း၊ ဆက်လက်၍လည်း အားကြိုးမာန်တက်ဖြင့် ကြိုးပမ်းကြရဦးမည်ဆိုသည့် ဇွဲ၊ သတ္တိများကို တွေ့ရသည့်အတွက် ချီးကျူးဂုဏ်ယူပါကြောင်း၊ ညီညွတ်ရေးသည် အရေးကြီးပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ-UPDJC ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ယနေ့ အစည်းအဝေးတွင် ဩဂုတ် ၂၁ ရက်၌ ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးတွင် ချုပ်ဆိုမည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃)ကို သဘောတူနိုင်သည့်အတွက် အထူးဂုဏ်ယူမိပါကြောင်း၊ UPDJC သည် နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်ကို ဦးဆောင်လမ်းပြ ကြီးကြပ်ရန်အတွက် တာဝန်ပေးထားသည့် အဖွဲ့ဖြစ်ပါ ကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့် ကျင်းပရခြင်း ရည်ရွယ်ချက်မှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေး အတွက်ဖြစ်ပါ ကြောင်း။

အချို့က ငြိမ်းချမ်းရေးဖြစ်စဉ်ကြီး ရပ်တန့်သွားသည်၊ တစ်ဆို့သွားသည်၊ ၂၀၁၈ ခုနှစ် 10 Plus 10 အစည်းအဝေး နောက်ပိုင်းတွင် ရပ်သွားပြီဟု ထင်ကြပါကြောင်း၊ ၂၀၁၉ ခုနှစ် တစ်နှစ်ပတ်လုံး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ မကျင်းပနိုင်သည့်အတွက် ငြိမ်းချမ်းရေး ဖြစ်စဉ် မည်သို့ဖြစ်သွားမည်ဆိုသည်ကို စိုးရိမ်စိတ်ဖြင့် အားလုံး စောင့်ဆိုင်းနေခဲ့ကြ ပါကြောင်း၊ သို့သော် ယင်းကာလတစ်ခုလုံး မိမိတို့ UPDJC အနေဖြင့် နေ့မအား၊ ညမနား အလုပ်လုပ်နေကြပါကြောင်း၊ ထို့ကြောင့် ယနေ့ကျင်းပသည့် UPDJC အစည်းအဝေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး တို့ကို အောင်မြင်စွာ ကျင်းပနိုင်ခြင်းဖြစ်ပါကြောင်း။

၂၀၂၀ ဇန်နဝါရီ ၈ ရက်တွင် ကျင်းပသည့် JICM အစည်းအဝေးဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန် အလုပ်အဖွဲ့ ဖွဲ့ထားပါကြောင်း၊ မိမိတို့ တိုင်းပြည်အတွက် မျှော်လင့်ချက်များကို ယင်းအလုပ်အဖွဲ့များက ဆွေးနွေးနိုင်ခဲ့ကြပါကြောင်း၊ မိမိတို့ လိုလား သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စု ထူထောင်နိုင်ရန် အတွက် အလုပ်အဖွဲ့များနှင့် ဆက်လက်ညှိနှိုင်းမည်ဆိုပါက လိုလားသည့် ငြိမ်းချမ်းရေးကို ရလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ နောက်တစ်ဆင့် လုပ်ဆောင်ရန်လိုအပ်သည်မှာ UPDJC အဖွဲ့ဝင်များ ယခုကဲ့သို့ ဆက်စပ်ညှိနှိုင်းနေခြင်းမျိုးမဟုတ်ဘဲ ခေါင်းဆောင်များ အချင်းချင်း အလွတ်သဘော ဆွေးနွေးပြီး ရင်းနှီးမှုများဖန်တီးသည့် ပုံသဏ္ဍာန်မျိုး လုပ်နိုင်မည်ဆိုပါက ပိုမို ကောင်းမွန်နိုင်မည်ဟု ထင်မြင်ပါကြောင်း။

UPDJC ဆက်လက်ခိုင်မာရန်၊ UPDJC အတွင်းရေးမှူးအဖွဲ့၊ အလုပ်အဖွဲ့များနှင့် ကဏ္ဍ အလိုက်ကော်မတီများ ဆက်လက် အလုပ်လုပ်နိုင်ရန်အတွက် ဆက်လက်ကြိုးစား ကြရမည် ဖြစ်ပါကြောင်း၊ မကြာမီကာလတွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပါကြောင်း၊ ယင်းရွေး ကောက်ပွဲမှ တက်လာသည့် အစိုးရက ယခုငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆက်လက် ဆောင်ရွက် နိုင်မည်ဟု အပြည့်အဝယုံကြည်ပါကြောင်း၊ ယခုညီလာခံက ဆုံးဖြတ်မည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃)တွင် ၂၀၂၀ အလွန်၌ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရ မည်ဆိုသည့် ကဏ္ဍပါဝင်ပါကြောင်း၊ ထို့ကြောင့် ယခုကဏ္ဍကို ဆက်လက်အကောင် အထည်ဖော်နိုင်ရန် ဝိုင်းဝန်းကြိုးစားသင့်ပါကြောင်း။

ယနေ့ မိမိတို့တိုင်းပြည်တွင် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးဖြစ်စဉ် နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း ဆောင်ရွက်နေပါကြောင်း၊ မိမိတို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထုနှင့် တိုက်ရိုက် ထိတွေ့ရန် အကန့်အသတ်ရှိနေပါကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပြည်သူလူထု တစ်ရပ်လုံး ပါဝင်လာနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ UPDJC လုပ်ငန်းစဉ်များ အရေးကြီးမှုကို လူထုအားရွေးကောက်ပွဲမှတစ်ဆင့်တင်ပြပေးရန် မေတ္တာရပ်ခံလိုပါ ကြောင်း၊ ငြိမ်းချမ်းရေးတွင် ပြည်သူလူထု၏ ပါဝင်မှုအခန်းကဏ္ဍကို ကြည့်မည်ဆိုပါက အားရမှု မရှိသေးပါကြောင်း၊ တိုင်းပြည် မငြိမ်းချမ်း၍ မဖြစ်ဘူးဆိုသည့် ခံယူချက်ဖြင့် ပြည်သူလူထု တစ်ရပ်လုံးက မိမိတို့နှင့်အတူ ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ဩဂုတ် ၂၁ ရက်တွင် ကျင်းပမည့် ညီလာခံ၌ တင်သွင်းပြီးလက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုမည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ် အပိုင်း (၃)သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့သည့်အတိုင်း ၂၀၂၀ ပြည့်နှစ် အလွန်ကာလအတွက် လမ်းသစ်ဖောက်ပေးနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံရေး ဆွေးနွေးပွဲ များသည် အမှန်တကယ် ထိရောက်မှုရှိပြီးအလုပ်ဖြစ်ခဲ့ပါကြောင်း၊ ယခင်က မစဉ်းစားခဲ့ဘူး သည့် အကြောင်းအရာများကို ယနေ့ မိမိတို့ ဆွေးနွေးနေကြပြီဖြစ်ပါကြောင်း၊ သဘောတူညီ ချက်များ ရရှိအောင် ဆွေးနွေးနိုင်သည့်အဆင့်ကို ရောက်ရှိလာသည့်အပြင် လက်တွေ့ အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များချမှတ်နိုင်သည်အထိ သဘောတူညီချက်များ ရရှိခဲ့ပြီးဖြစ်ပါကြောင်း။

“ငြိမ်းချမ်းရေးအတွက် ဘာမှမလိုဘူး၊ စိတ်ရင်းစေတနာမှန်ဖို့ပဲလိုတယ်” ဆိုသည့် စကားသည် လွန်စွာမှန်ကန်ပါကြောင်း၊ မိမိတို့ UPDJC အဖွဲ့ဝင်အားလုံး၏ မှန်ကန်သည့် စိတ်ရင်းစေတနာကြောင့် ဆွေးနွေးညှိနှိုင်းမှုများ အဆင်ပြေအောင်မြင်လာခြင်းဖြစ်သည်ဟု အခိုင်အမာ ယုံကြည်ပါကြောင်း၊ ယင်းသည် ပြည်ထောင်စုအကျိုးကို ဦးထိပ်ထားသည့် “UPDJC စိတ်ဓာတ်”ဖြစ်ပြီး မိမိအနေဖြင့် ယင်းစိတ်ဓာတ်ကို အထူးအလေးထား ဂုဏ်ပြုအပ် ပါကြောင်း။

“ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကိုအခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့် အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံ ချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စု ကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန်”ဆိုသည်မှာ မိမိတို့ UPDJC ၏ ရည်မှန်းချက်တာဝန် ဖြစ်ပါကြောင်း၊ ယင်းရည်မှန်းချက် ပြည့်ဝရန် သမိုင်းနှင့်ချီပြီး တည်ရှိခဲ့သည့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းကြရမည်ဖြစ်ပါကြောင်း၊ တစ်ချိန်တည်းတွင် သမိုင်းနှင့်ချီပြီးတည်ရှိနေသည့် သံသယများ၊ မယုံကြည်နိုင်မှုများကို ဖယ်ရှားပေးရန် မိမိတို့ အနေဖြင့် ယုံကြည်မှုတည်ဆောက်ရေးကို အလေးအနက်ထားပြီး ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

၂၀၂၀ အလွန် နိုင်ငံရေးဆွေးနွေးပွဲများ အရှိန်အဟုန်မြှင့်တင်ရေးသည် အလွန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် မိမိတို့ UPDJC ၏ ရည်မှန်းချက်နှင့် တာဝန်သည် အထူး အရေးကြီးသည်ဟုဆိုနိုင်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းနိုင်ရေးသည်လည်း UPDJC ၏ ကြိုးပမ်းအားထုတ်မှုများပေါ်တွင် တည်မှီနေပါကြောင်း၊ ၂၀၂၀ အလွန်ကာလတွင်လည်း UPDJC သည် ဆက်လက်ရှိနေဦး မည်ဖြစ်ပြီး နိုင်ငံရေးပြဿနာများကို အဖြေထုတ်ပေးနိုင်ရန်အတွက် ဆက်လက်ကြိုးပမ်း နေဦးမည် ဖြစ်ပါကြောင်း၊ UPDJC တွင် ပါဝင်သည့် အစုအဖွဲ့ကိုယ်စားလှယ်တချို့ ပြောင်းလဲ ကောင်းပြောင်းလဲသွားနိုင်ပါကြောင်း၊ အဖွဲ့ဝင်များ မည်သို့ပြောင်းလဲသည်ဖြစ်စေ ယနေ့ မိမိတို့ တည်ဆောက်ထားသည့် UPDJC စိတ်ဓာတ်သည် မပြောင်းလဲဘဲ ဆက်လက် တည်ရှိ နေဦးမည်ဖြစ်ပါကြောင်း၊ ယင်းစိတ်ဓာတ်ဖြင့် ဆောင်ရွက်မည်ဆိုပါက အောင်မြင်မှု အသေအချာ ရရှိမည်ဖြစ်ပါကြောင်း၊ မိမိတို့သည် မတူညီ သည့်အဖွဲ့အစည်းများ၊ အစုအဖွဲ့များ ကို ကိုယ်စားပြုပြီး UPDJC တွင် လာရောက်တွေ့ဆုံ အတူတူလက်တွဲပြီး ပူးပေါင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ အမြင်မတူသည်များ ရှိသကဲ့သို့ ငြင်းခုန်ရခြင်းများလည်းရှိခဲ့ပါ ကြောင်း၊ သို့သော် မိမိတို့ အပြုံးမပျက်၊ နှုတ်ဆက်မပျက်ဘဲ အစည်းအဝေးတစ်ကြိမ် ရောက်ရှိလာတိုင်း တက်တက်ကြွကြွဖြင့် အဆင်သင့်ရှိနေခဲ့ကြသည်ကို အစဉ်အမြဲတွေ့ရှိခဲ့ ရပါကြောင်း၊ (၄)နှစ်ကျော်ကာလအတွင်း UPDJC တွင် အတူလက်တွဲ၍ ပူးပေါင်း ဆောင်ရွက် ခွင့်ရရှိခဲ့သည့်အတွက် UPDJC အဖွဲ့ဝင်များ၊ အတွင်းရေးမှူးများ၊ အကျိုးဆောင်များနှင့် အလုပ်အဖွဲ့ဝင်များအားလုံးကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ကိုယ်စားဂုဏ်ယူလေးစားစွာဖြင့် လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိပါကြောင်း။

၂၀၂၀ အလွန် ကာလတွင်လည်း UPDJC ၏ ညီညွတ်သည့် စိတ်ဓာတ်ကို ဆက်လက် ထိန်းသိမ်းပြီး UPDJC ၏ ရည်မှန်းချက်၊ မိမိတို့ပြည်ထောင်စုကြီး၏ မျှော်လင့်ချက်ကို ဆတက်ထမ်းပိုး ဆက်လက်ကြိုးပမ်း ထမ်းဆောင်နိုင်ကြပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။

(သတင်းစဉ်) သတင်း/ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး (စာမျက်နှာ)

LEAVE A REPLY

Please enter your comment!
Please enter your name here