အာဏာရှင်အစိုးရ ဆိုတာ ဘယ်လိုအစိုးရမျိုး ကိုခေါ်တာလဲ? ဒေါက်တာနန္ဒာလှမြင့် (ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ)

795

အာဏာရှင်အစိုးရ ဆိုတာ ဘယ်လိုအစိုးရမျိုး ကိုခေါ်တာလဲ? ဒေါက်တာနန္ဒာလှမြင့် (ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ)

၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၄)ရက်နေ့မှာ ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်မှ လူမှုကွန်ယက်စာမျက်နှာကနေ NLD အစိုးရအုပ်ချုပ်မှုကာလအတွင်း ဒီမိုကရေစီအညွှန်းကိန်း တိုးတက်ပြောင်းလဲလာမှုအခြေအနေ၊ ပြည်ခိုင်ဖြိုးပါတီ အစိုးရလက်ထက်က ဒီမိုကရေစီညွှန်းကိန်း တိုးတက်ခဲ့မှုအခြေအနေများနှင့် ပတ်သက်ပြီး “အာဏာရှင်အစိုးရ ဆိုတာ ဘယ်လိုအစိုးရမျိုး ကိုခေါ်တာလဲ?” ဆိုတဲ့ ခေါင်းစဉ်ဖြင့် အခုလို မေးခွန်းထုတ်၊ ထောက်ပြ ဝေဖန်ထားပါတယ်။

“အာဏာရှင်အစိုးရ ဆိုတာ –ဘယ်လိုအစိုးရမျိုး ကိုခေါ်တာလဲ ?”

“ယခင်ရက်က လူသစ်၊စိတ်သစ်ဖြင့်— “အရည်အချင်းကိုပြိုင်မည်” လို့ဆိုခဲ့တဲ့အတိုင်း—- ၂၀၁၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီ အစိုးရဟာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေ က ပေးအပ်ထားတဲ့ “ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးတာဝန်”ကို မည်မျှပြောင်းလဲတိုးတက်အောင် စီမံဆောင်ရွက်နိုင်စွမ်း (အရည်အချင်း)မည်မျှ ရှိခဲ့သလဲဆိုတာကို ပြည်သူများသိရှိနိုင်ရန် ဦးစွာတင်ပြလိုပါတယ်။

ကမ္ဘာပေါ်ရှိနိုင်ငံများရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုများကိုယူကေအခြေစိုက် Economist Intelligence Unit (EIU)က ဒီမိုကရေစီအညွှန်းကိန်း(Democracy Index )နဲ့အဆင့် ၄ ဆင့် အသွင်ကူးပြောင်းမှုအဖြစ်ပိုင်းခြားလေ့လာထားပါတယ်-

– အပြည့်အဝဒီမိုကရေစီ(Full democracies )

– အားနည်းသောဒီမိုကရေစီ(Flawed democracies )

– မျိုးစပ်ရောနှောအုပ်ချုပ်မှုစနစ်(Hybrid regimes )

– အာဏာရှင်အုပ်ချုပ်မှုစနစ်(Authoritarian regimes)

အာဏာရှင်အုပ်ချုပ်ရေးစနစ် အဖြစ်သတ်မှတ်ရာတွင် ဘုရင်စနစ်နှင့်စစ်အုပ်ချုပ်ရေးကိုသာ ဆိုလိုသည်မဟုတ်ဘဲ၊အရပ်ဘက်လွတ်လပ်ခွင့်၊မီဒီယာလွတ်လပ်ခွင့်၊တရားစီရင်ရေးလွတ်လပ်ခွင့်၊ရွေးကောက်ပွဲများ မျှတလွတ်လပ်မှုမရှိအောင်အာဏာရအစိုးရနှင့်ဆက်နွယ်သောအုပ်စုများကထိန်းချုပ်ထားပြီး၊အစိုးရအပေါ်ဝေဖန်မှုများကိုဆင်ဆာဖြတ်တောက်ခြင်းနှင့်ဖိနှိပ်ခြင်းတို့ရှိနေပါက ထိုအစိုးရသည် အာဏာရှင်အုပ်ချုပ်မှုစနစ်အရအုပ်ချုပ်မှုသာဖြစ်ကြောင်း သတ်မှတ်ထားပါတယ်။

ဒီမိုကရေစီအညွှန်းကိန်း(Democracy Index )အကဲဖြတ်ရာတွင်-

– ရွေးကောက်ပွဲဖြစ်စဉ် နှင့်ဗဟုဝါဒ

(Electoral process and pluralism)

– အစိုးရ၏လုပ်ငန်းလည်ပတ်မှု

(Functioning of government)

– နိုင်ငံရေးပါဝင်မှု(Political participation)

– နိုင်ငံရေးယဉ်ကျေးမှု(Political culture)

– နိုင်ငံသားလွတ်လပ်ခွင့် (Civil liberties) တို့အပေါ် အမှတ်ပေးစနစ်ဖြင့်နိုင်ငံပေါင်း ၁၆၇ နိုင်ငံကို အကဲဖြတ်ပါတယ်။

ထိုအကဲဖြတ်ချက်အရ ပြည်ခိုင်ဖြိုးအစိုးရ အုပ်ချုပ်ခဲ့ တဲ့ ၂၀၁၁ ခုနှစ်က ဒီမိုကရေစီအညွှန်းကိန်း (Democracy Index )အမှတ်ပေါင်း(၁.၇၇) ဖြင့် အဆင့် (၁၆၁) ရှိသောကြောင့်အာဏာရှင်အုပ်ချုပ်မှုစနစ်တွင်သာရှိနေခဲ့ရာမှ၊၂၀၁၅ ခုနှစ်တွင်ဒီမိုကရေစီအညွှန်းကိန်းအမှတ်ပေါင်း(၄.၁၄)ဖြင့် အဆင့် (၁၁၄)သို့တက်လာခဲ့သောကြောင့် အဆင့် ( ၄၇ ) ဆင့်တက်အောင်၊စွမ်းဆောင်နိုင်ခဲ့ပြီး၊ဒီမိုကရေစီအသွင်ကူးပြောင်းသော မျိုးစပ်ရောနှောအုပ်ချုပ်မှုစနစ်(Hybrid regimes )သို့ တက်လှမ်းရောက်ရှိလာခဲ့ပါတယ်။

(၂၀၁၆-၂၀၂၀) NLD အစိုးရအုပ်ချုပ်မှုကာလအတွင်း ဒီမိုကရေစီအညွှန်းကိန်း(Democracy Index )များမှာ- ၂၀၁၆ ခုနှစ် တွင် အမှတ်ပေါင်း(၄..၂၀)ဖြင့် အဆင့် (၁၁၃) ရှိခဲ့ရာမှ ၂၀၁၈ ခုနှစ် တွင် အမှတ်ပေါင်း(၃.၈၃)ဖြင့်အဆင့် (၁၁၈) သို့လည်းကောင်း၊၂၀၁၉ ခုနှစ် တွင် အမှတ်ပေါင်း(၃.၅၅)ဖြင့် အဆင့် ( ၁၂ ၂) သို့ထပ်မံကျဆင်းလာပြီး၊ မျိုးစပ်ရောနှောအုပ်ချုပ်မှုစနစ်(Hybrid regimes )အဆင့်မှ အာဏာရှင်အုပ်ချုပ်မှုစနစ်(Authoritarian regimes)သို့ ပြန်လည်ဦးတည်ရောက်ရှိကျဆင်းလာခဲ့ပြီဖြစ်ပါတယ်။

အထက်ပါ ခိုင်လုံသောအထောက်အထားအချက်အလက်အကဲဖြတ်ချက်များအရ စစ်သားတစ်ပိုင်းအစိုးရ(quasi-government )ဟုခေါ်ဆိုခဲ့ကြသော ပြည်ခိုင်ဖြိုးသမ္မတဦးသိန်းစိန်အစိုးရဟာ မူလကအများပြောဆိုနေကြသလို၊ အာဏာရှင်စနစ်သို့ နောက်ပြန်လှည့်ခြင်းမရှိဘဲ၊ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းအဆင့်ဆင့်အတိုင်း မှန်ကန်စွာတက်လှမ်းခဲ့ကြောင်းမိဘပြည်သူများလေ့လာသိမြင်နိုင်ကြပါတယ်။

ဒီမိုကရေစီရေးဟစ်ကြွေးပြီးတက်လာခဲ့သောအရပ်သား ပြည်သူ့အစိုးရ ဖြစ်သည့် လက်ရှိ အင်အယ်လ်ဒီအစိုးရကာလ မှာ အာဏာရှင်အုပ်ချုပ်မှုစနစ်(Authoritarian regimes)သို့ ပြန်လည်ဦးတည်ရောက်ရှိသွားခဲ့တာကို Economist Intelligence Unit (EIU)က ဒီမိုကရေစီအညွှန်းကိန်း(Democracy Index )အကဲဖြတ်ချက် အရ လေ့လာတွေ့ ရှိနိုင်ပါတယ်။

ရွေးကောက်ပွဲနီးလာတာနဲ့အမျှ မိမိတို့ပြည်ခိုင်ဖြိုးပါတီကိုမဲပေးလျှင် အာဏာရှင်အုပ်ချုပ်မှု စနစ်(Authoritarian regimes)အောက်သို့ပြန်ရောက်သွားနိုင်ကြောင်း၊ အထောက်အထားမဲ့အပုတ်ချ ပြောဆိုဝေဖန်တိုက်ခိုက်မှုများအပေါ် ယခုရှင်းလင်းတင်ပြသော နိုင်ငံတကာအထောက်အထားများအရ မိဘပြည်သူများက “အာဏာရှင်အစိုးရ ဆိုတာ –ဘယ်လိုအစိုးရမျိုး ကို ခေါ်တာလဲ ?”ဆိုတာကို ခွဲ ခြားသိမြင်ကြပြီဖြစ်ပါတယ်။

ယခင်တပ်မတော်အစိုးရဟာအာဏာရှင်အုပ်ချုပ်ရေးစနစ်မှဒီမိုကရေစီအုပ်ချုပ်ရေးအဆင့်သို့ အသွင်ကူးပြောင်းပေးရန်အတွက် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းပေးခဲ့တာဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်တွင်ဖွဲ့စည်းခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ အစိုးရကလည်း၂၀၁၁-၂၀၁၅ ခုနှစ်အတွင်း ဒီမိုကရေစီအသွင်ကူးပြောင်းမှုကိုညင်သာချောမွေ့စွာဖြင့် ပြောင်းလဲတိုးတက်အောင် အရည်အချင်းရှိရှိ အထောက်အထားခိုင်လုံစွာလုပ်ဆောင်ပြသခဲ့ပြီးဖြစ်ပါတယ်။

အချို့နိုင်ငံများရဲ့ ဒီမိုကရေစီရေးလှုပ်ရှားတက်ကြွပြောင်းလဲရာမှာနိုင်ငံပြိုကွဲပျက်စီးပြီးပြည်သူများဒုက္ခရောက်ခဲ့တဲ့သင်္ခန်းစာများအရ၊ ကမ္ဘာပေါ်ရှိနိုင်ငံများရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုအဆင့်( ၄)ဆင့်ကို တစ်ဆင့်ပြီးတစ်ဆင့်ညင်သာချောမွေ့စွာပြောင်းလဲတိုးတက်ရန်ကိစ္စတွင် တိုင်းရင်းသားပြည်သူများကစည်းလုံးညီညွတ်စွာပါဝင်ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါတယ်။

ထိုသို့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းများကို ပြည်ခိုင်ဖြိုးပါတီရဲ့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကြေညာစာတမ်းတွင် တင်ပြခဲ့ပြီ်းဖြစ်ပါတယ်။ ထိုစာတမ်းတင်ပြချက် တတိယအဆင့်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက တိုင်းရင်းသားအဖွဲ့အစည်းအားလုံးနှင့် ညီညွတ်မျှတစွာ လက်တွဲပူးပေါင်းဆောင်ရွက်သွားလိုပါတယ်။

ဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ အာဏာရှင်အုပ်ချုပ်မှုစနစ်အခြေခိုင်မသွားစေဘဲ၊ဒီမိုကရေစီအသွင်ကူးပြောင်းမှု အဆင့်ဆင့်မှန်ကန်စွာပြောင်းလဲတိုးတက်အောင်လုပ်ဆောင်နိုင်စွမ်း(အရည်အချင်းရှိသည့်)အစိုးရမျိုးကို အရွေးမမှားအောင်ဝေဖန်ပိုင်းခြားသိမြင် အားပေးရွေးချယ်နိုင်ပါရန် တင်ပြအပ်ပါတယ်။”

ဒေါက်တာနန္ဒာလှမြင့်၊ ပြည်ခိုင်ဖြိုးပါတီ

Dr. Nandar Hla Myint (FB)

LEAVE A REPLY

Please enter your comment!
Please enter your name here