ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများကို တတိယအကြိမ်အဖြစ် ငွေကျပ်နှစ်သောင်းစီ ထောက်ပံ့မည်

648

ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများကို တတိယအကြိမ်အဖြစ် ငွေကျပ်နှစ်စီ ထောက်ပံ့မည်

ဇူလိုင် (၁၇) AlinnMyay(အလင်းမြေ)

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး သတင်းမီဒီယာများနှင့်တွေ့ဆုံပြီး COVID-19 အပါအဝင် လတ်တလော ဖြစ်ပေါ်နေသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းစာမျက်နှာတွင် ဇူလိုင်လ (၁၇)ရက်နေ့ ညနေပိုင်းက ဖော်ပြထားသည်။

အဆိုပါ ဖော်ပြချက်အပြည့်အစုံတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဇော်ဌေးသည် ပြည်တွင်းပြည်ပ သတင်းမီဒီယာများနှင့် ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သတင်းစာ ရှင်းလင်းခန်းမ၌ Social Distancing သတ်မှတ်ချက်များနှင့်အညီ တွေ့ဆုံပြီး COVID-19 အပါအဝင် လတ်တလောဖြစ်ပေါ်နေသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ကြောင်း၊

သတင်းစာရှင်းလင်းပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယခုရှင်းလင်းပွဲ သည် ကိုဗစ်-၁၉ ကာလတွင် ဒုတိယအကြိမ် ကျင်းပခြင်း ဖြစ်ပါကြောင်း၊ ပုံမှန်ဝင်ငွေမရှိ သည့် အခြေခံလူတန်းစားများကို ထောက်ပံ့မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြလိုပါ ကြောင်း၊ ယင်းမှာ CERP အရ ဆောင်ရွက်သည့် လုပ်ငန်း တစ်ရပ်ဖြစ် ပါကြောင်း၊ ပထမ အကြိမ် သင်္ကြန်ကာလတွင် ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများကို ထောက်ပံ့ရန် အတွက် အခြေခံစားနပ်ရိက္ခာ (၅)မျိုး ကိုဖြန့်ဝေခဲ့ပါကြောင်း၊ ဧပြီ ၁၀ ရက်မှ ၁၉ ရက် အထိ ၁၀ ရက်အတွင်း တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုပေါင်း ၄ သန်းကျော်ကို အခြေခံ စားကုန် (၅)မျိုး ဖြန့်ဝေရာတွင် ငွေကျပ် ဘီလီယံ (၅၀)ကျော် အကုန်အကျခံခဲ့ပါကြောင်း၊

ဒုတိယအကြိမ်အဖြစ် ပထမအကြိမ်စားနပ်ရိက္ခာ(၅)မျိုး ဖြန့်ဝေသည့်အခါတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရစ်ခဲ့သည့် အိမ်ထောင်စုများကို တစ်နိုင်ငံလုံး၌ စိစစ်ခဲ့ပါ ကြောင်း၊ စိစစ်ပြီးနောက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်တစ်သောင်းခွဲ ထောက်ပံ့ခဲ့ပါ ကြောင်း၊ ဇွန် ၂၇ ရက်မှ ဇူလိုင် ၁၂ ရက်အထိ နှစ်ပတ် ကျော်ကာလအတွင်း ကျန်ရှိခဲ့သည့် အိမ်ထောင်စုပေါင်း ၁ ဒသမ ၄ သန်းကျော်ကို ထောက်ပံ့ခဲ့ပြီး ကုန်ကျ စရိတ်မှာ ငွေကျပ် ၂၁ ဘီလီယံ အကုန်အကျခံခဲ့ပါကြောင်း။

တတိယအကြိမ်အဖြစ် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု စုစုပေါင်း ၅ ဒသမ ၄ သန်းကျော်ကို ငွေကျပ်နှစ်သောင်းစီ ဇူလိုင်လနောက်ဆုံးပတ်တွင် စတင် ထောက်ပံ့သွားမည်ဖြစ်ပါကြောင်း၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ရှမ်းပြည်နယ် ကလော မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် သုံးမြို့နယ်တို့တွင် Mobile Payment အနေဖြင့် စမ်းသပ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စတုတ္ထအကြိမ် ထောက်ပံ့မှုအဖြစ် တင်ပြထားသည့် အိမ်ထောင်စုပေါင်း ၅ ဒသမ ၄ သန်း ကျော်ကို ငွေကျပ်နှစ်သောင်းစီ ထပ်မံထောက်ပံ့သွားမည်ဖြစ်ပါကြောင်း၊ ယင်းထောက်ပံ့မှုကို ဩဂုတ်လ နောက်ဆုံးပတ်တွင် စတင် ဆောင်ရွက် ရန် စီမံထားပါကြောင်း၊

ထို့နောက် ပြည်တွင်းပြည်ပ သတင်းမီဒီယာများက နေပြည်တော်တွင် တန်ဖိုး နည်းအိမ်ရာနှင့် မြေကွက် သစ်များဖော်ထုတ်ရာတွင် တင်ဒါစည်းမျည်းစည်းကမ်းများနှင့် အညီ ဆောင်ရွက်မှု ရှိ၊ မရှိ၊ ယခုကျင်းပမည့် (၂၁)ရာစုပင်လုံစတုတ္ထအစည်းအဝေးသို့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များအား ဖိတ်ကြားသွားရန် ရှိ၊ မရှိ၊ ရခိုင်ပြည်နယ်တွင် ကျင်းပမည့် ရွေးကောက်ပွဲများအတွက် လုံခြုံရေးစီမံဆောင်ရွက်ထားမှု၊ သိမ်းဆည်း လယ်ယာမြေများအား မူလတောင်သူများထံ စနစ်တကျ ပြန်လည်ပေးအပ်နိုင်ရေး အတွက် အစိုးရအနေဖြင့် ဆောင်ရွက်နေမှု၊ စီးပွားရေးဦးပိုင်လီမိတက် ဒါရိုက်တာအဖွဲ့တွင် အကောက်အခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးတို့ ပါဝင်နေခြင်းကိစ္စအပေါ် ဆောင်ရွက် ထားရှိမှု၊ သတင်းအတု၊ သတင်းမှားများ ဖြန့်ချိနေမှု နှင့်ပတ်သက်၍ အရေးယူဆောင်ရွက်နေမှု၊ မှုခင်းသတင်း ထောက်များကိစ္စ၊ မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာအလုပ်သမားများအတွက် နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်မှု၊ ဖားကန့်မြို့ ဝှေခါမြေပြိုမှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ အစီရင်ခံစာ တွေ့ရှိချက်အပေါ် သိရှိလိုခြင်း၊ ရဲတပ်ဖွဲ့အကြီးအကဲများအား အရေးယူဆောင်ရွက်ခဲ့မှု၊ တရားမဝင် နိုင်ငံခြားသားများ လာရောက် ရင်းနှီးမြှုပ်နှံနေသည့်ကိစ္စ၊ ပိုးလမ်းမစီမံကိန်း များ၏ လက်ရှိအခြေအနေ၊ (၂၁) ရာစုပင်လုံ စတုတ္ထ အကြိမ် အစည်းအဝေး ကျင်းပရေး ကိစ္စ၊ ဝန်ကြီးဌာနများအား သတင်းရယူရာတွင် ဆက်သွယ်မှုလွယ် ကူစေရန် ဆောင်ရွက် ပေးရန်ကိစ္စ၊ အထက်တန်းကျောင်းများ ဖွင့်လှစ်ရာတွင် ကိုဗစ်ကာကွယ်ရေး ဆောင်ရွက် ထားရှိမှုနှင့် ကျောင်းသားမိဘများ စိုးရိမ်မှုမရှိအောင် စီစဉ်ဆောင်ရွက်ထားရှိမှု၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အနေဖြင့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပေးရန် ကိစ္စ၊ မကြာမီက ကျင်းပခဲ့သည့် JMC-U အစည်း အဝေးတွင် နှစ်ဖက်တပ်နေရာများ ချထားရေး ဆွေးနွေးခြင်း ရှိ၊ မရှိ အခြေအနေ တို့နှင့်စပ် လျဉ်းသည့် မေးခွန်းများကို မေးမြန်းကြရာ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း ဆက်လက်ဖော်ပြထားသည်။

ထို့နောက်တွင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တွင် အကောက်အခွန်ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်နှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးတို့ ဒါရိုက်တာအဖွဲ့ တွင် ပါဝင်နေခြင်းကိစ္စအပေါ် ဆောင်ရွက် ထားရှိမှုနှင့် စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင် ညွှန်ကြားရေးမှူး ဦးနီအောင်နှင့် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထင်တို့ ကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရှေနေချုပ်ရုံး ဥပဒေပိုင်း ဆိုင်ရာသဘောထားသည် ၂၀၁၃ ခုနှစ် နိုင်ငံဝန်ထမ်းဥပဒေ ပုဒ်မ ၁၀ (စ) နှင့် ပုဒ်မ ၃၇ တို့အရ ၎င်းတို့နှစ်ဦးကိစ္စသည် ဥပဒေနှင့် မညီကြောင်းကို ပြန်ကြား ထားပြီးဖြစ် ပါကြောင်း၊ ယင်းအပေါ်မူတည်ပြီး မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင် သည် ဇူလိုင် ၆ ရက်တွင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် BOD မှ ၎င်း၏ သဘောဆန္ဒအရ နုတ်ထွက်ထားပြီး ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးသို့ တင်ပြလာပါကြောင်း၊ အကောက်ခွန် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထင်သည် ဇူလိုင် ၆ ရက်တွင်ပင် ယခင်က ဆောင်ရွက် ခဲ့သည့် ဆောင်ရွက်ချက်များသည် ဥပဒေနှင့် မညီညွတ်သည့်အတွက် ဒါရိုက်တာအဖွဲ့ဝင် အဖြစ် ဆက်လက်ခန့်ထားရန် ခွင့်မပြုကြောင်းနှင့် ယခင်က ခွင့်ပြုထားသည့်စာကို ယခုစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီး ဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနသို့ တရားဝင်စာပို့ထားပြီး ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားခဲ့ကြောင်း၊

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရန် အစိုးရအနေဖြင့် ပြင်ဆင်ဆောင်ရွက်နေမှု၊ သတင်းရယူမှု၊ အစည်းအဝေးကျင်းပမည့်ပုံစံနှင့်စပ်လျဉ်း၍ ၂၀၁၈ ခုနှစ် ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်အထိ ၂၁ ရာစုပင်လုံညီလာခံ တတိယအစည်း အဝေးကျင်းပခဲ့ပါကြောင်း၊ တတိယအစည်းအဝေးပြီးသည့်နောက်ပိုင်း (၂)နှစ်ရှိပြီဖြစ်ကာ ညီလာခံ ကျင်းပနိုင်ခြင်း မရှိသေးပါကြောင်း၊ ယင်းကာလအတွင်း EAO များနှင့် မိမိတို့ အကြား (10+10) ထိပ်သီးအစည်းအဝေးများ ကျင်းပခဲ့ပါကြောင်း၊ နိုဝင်ဘာလတွင် KNU နှင့် RCSS တို့က ကြေညာချက်များ အသီးသီးထုတ်ခဲ့ ပါကြောင်း၊ ထိုသို့ ကြေညာချက်များ ထုတ်ပြန် ပြီးနောက် မိမိတို့နှင့်EAOများအကြား တရားဝင်နှင့်အလွတ်သဘော အစည်းအဝေးပေါင်းများစွာ ပြုလုပ်ခဲ့ပြီး လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ခဲ့ရပါကြောင်း။

၂၀၂ဝပြည့်နှစ် ဇန်နဝါရီ ၈ ရက်တွင် တရားဝင်အစည်းအဝေးအဖြစ် ၈ ကြိမ်မြောက် JICM အစည်းအဝေးကို နေပြည်တော်၌ ကျင်းပခဲ့ပြီး ဆုံးဖြတ်ချက်၊ သဘောတူညီချက် (၈)ချက်ရရှိခဲ့ပါကြောင်း၊ ယင်း (၈)ချက်ထဲတွင် ၂၁ ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်း ပထမ လေးလတာ ကာလအတွင်း ကျင်းပသွားရန် သဘောတူသည်ဟု ပါရှိပါကြောင်း၊ မိမိတို့အနေဖြင့် သင်္ကြန်မတိုင်မီ ကျင်းပရန် မျှော်မှန်းဆောင်ရွက်ခဲ့ပါကြောင်း၊ ရန်ကုန်မြို့ NRPC ၌ ၂၀၂ဝပြည့်နှစ် ဖေဖော်ဝါရီ ၂ ရက် ၃ ရက်တွင် JICM အစည်းအဝေးက ဆုံးဖြတ်ခဲ့သည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃)ကို အပိုင်းသုံးပိုင်းဖြင့် ဆုံးဖြတ်ချက်ကို သဘောတူညီချက် ရယူရန် ဆွေးနွေးခဲ့ပါကြောင်း၊ အပိုင်း(၁)အနေဖြင့် NCA အကောင် အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်၊ အပိုင်း(၂)မှာ ၂၀၂ဝပြည့်နှစ် ရွေးကောက်ပွဲအလွန် အဆင့်အလိုက်လုပ်ငန်းစဉ်နှင့် အကောင် အထည်ဖော်မှု၊ အပိုင်း(၃) အနေဖြင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးဆိုင်ရာ လမ်းညွှန် အခြေခံမူတို့ဖြစ်ပါကြောင်း၊ ညီလာခံကျင်းပရန် ဆုံးဖြတ်ထားပြီးဖြစ်သည့်အပြင် ကျင်းပ မည့် လျာထားကာလကိုလည်း ဆုံးဖြတ်ထားပြီး ဖြစ်ပါကြောင်း။

EAO နှင့် မိမိတို့အနေဖြင့် ဖေဖော်ဝါရီ ၂ ရက်၊ ၃ ရက်၊ ၁၆ ရက်၊ ၁ရရက်နှင့် ၁၈ ရက်၊ မတ်လ ၅ ရက် ၇ ရက်ဆွေးနွေးကြပါကြောင်း၊ ယင်းအချိန်သည် ပြည်ထောင်စု သဘောတူ စာချုပ် ရရှိရန်အတွက် အရှိန်မြှင့်နေသည့်အချိန်ဖြစ်ပါကြောင်း၊ မတ် ၁၁ ရက်တွင် ကိုဗစ်-၁၉ ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာခဲ့ပါကြောင်း၊ မတ် ၁၂ ရက်တွင် UPDJC အစည်းအဝေးကို ကျင်းပနိုင်ခဲ့ပြီး မတ် ၁၃ ရက်တွင် နိုင်ငံတော် သမ္မတရုံးမှ ကိုဗစ်-၁၉ နှင့်ပတ်သက်ပြီး ပြည်သူသို့ ပန်ကြားချက်ကို ထုတ်ပြန်ခဲ့ ပါကြောင်း၊ ၂၀၂၀ မတ် ၂၃ ရက်တွင် မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ စတင်တွေ့ရှိ ခဲ့ပါကြောင်း၊ ဧပြီ ၂ ရက်နှင့် ၃ ရက်တို့တွင် မိမိတို့နှင့် EAO အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ ပါကြောင်း၊ ကိုဗစ်-၁၉ ကို ဧပြီ ၃၀ ရက်အထိ သတ်မှတ် ထားသောကြောင့် ဧပြီလကုန်အထိ စောင့်ကြည့်ရန် ဆွေးနွေးခဲ့ကြ ကြောင်း၊ လာမည့်အပတ်တွင် EAO များနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံမည်ဖြစ်ပါကြောင်း။

ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စု သဘောတူညီချက်စာချုပ် အချို့အပိုင်းများ၊ တော်တော်များများ သဘော တူနိုင်မည့် အခြေအနေရှိမည်ဟု ထင်ပါကြောင်း၊ ညီလာခံကို ဩဂုတ် ၁၂၊ ၁၃၊ ၁၄ တို့တွင် ကျင်းပရန် အလုပ်အဖွဲ့၌ သဘောတူထားပါကြောင်း၊ ယင်းသဘောတူညီချက်ကို သက်ဆိုင်ရာ ခေါင်းဆောင်များထံ ပြန်လည်တင်ပြပြီး အတည်ပြုရန် သဘောတူညီထား ပါကြောင်း၊ ယင်းအပေါ် အစိုးရနှင့်လွှတ်တော်က သဘော တူညီထားပါကြောင်း၊ EAO အဖွဲ့များ၏ PPST အဖွဲ့ကလည်း ဇူလိုင် ၁၀ ရက်နေ့အစည်းအဝေး ကျင်းပ ခဲ့ပြီး ယင်းအချိန်ဇယား လျာထားချက်ကို သဘောတူ ကြောင်း အစိုးရအဖွဲ့သို့ ပြန်ကြား လာပါ ကြောင်း၊ ယင်းအချိန် အတိုင်း ရည်မှန်းချက်ထားပြီး ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံရေး ပါတီအများ စုကလည်း ယင်းအပေါ်အပြုသဘော ဆောင် သဘောထားများပေးပါကြောင်း၊ မူလအလုပ်အဖွဲ့ အစည်း အဝေးတွင် သဘောတူ ထားသည့် ဩဂုတ် ၁၂၊ ၁၃ ရက်တွင် ကျင်းပမည်ဖြစ်ပါကြောင်း၊ ညီလာခံကို ချုံ့ပြီး ဆောင်ရွက်ရခြင်းဖြစ်ပြီး ရလဒ် ကောင်းလည်း ထွက်စေလိုပါကြောင်း၊ Social Distancing နှင့် အညီ ကျင်းပ သွားမည် ဖြစ်ပါကြောင်း၊ ညီလာခံကို MICC (I)နှင့် (II) နှစ်နေရာ လုံးတွင် ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ UPDJC နှင့် JICM တို့ကို MICC (I) တွင် ကျင်းပသွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားနှင့် လက်မှတ်ရေးထိုးပွဲကို MICC (II) တွင် ကျင်းပမည်ဖြစ်ပါကြောင်း။

မီဒီယာများအနေဖြင့် ညီလာခံကိုယ်စားလှယ်များတည်းခိုရာ ဟိုတယ်များသို့ သွားရောက် သတင်း ရယူခွင့်ရှိမည် မဟုတ်ပါကြောင်း၊ သတင်းစာ ရှင်းလင်းပွဲများတွင် လည်း သတ်မှတ်ထားသည့် အကွာအဝေး အတိုင်း သတင်းရယူရမည် ဖြစ်ပါကြောင်း၊ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး ရာတွင်လည်း ယခင်ကဲ့သို့ လူစုလူဝေးဖြင့် မဟုတ်ဘဲ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ အဆင်ပြေအောင် ဆောင်ရွက်ရန် စဉ်းစားထား ပါကြောင်း၊ မီဒီယာများ သတင်းရယူနိုင်ရန်အတွက် ပြန်ကြားရေး ဝန်ကြီးဌာနက အသိပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

အထက်တန်းကျောင်းများ ဖွင့်လှစ်ရာတွင် ကိုဗစ်ကာကွယ်ရေးဆောင်ရွက် ထားရှိမှုနှင့် ကျောင်းသားမိဘများ စိုးရိမ်မှုမရှိအောင် စီစဉ်ဆောင် ရွက်ထားရှိမှုနှင့် စပ်လျဉ်း၍ အခြေခံပညာအထက်တန်းအဆင့်ကျောင်းများ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိမှုအနေဖြင့် အထက်တန်းအဆင့်ကျောင်းများ ပြန်လည်ဖွင့်လှစ် နိုင်ရေးကိစ္စနှင့်စပ် လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီမှ မေ ၂၂ ရက်တွင် ကျန်းမာရေး Guideline၊ SOP များနှင့်အညီ ဆောင်ရွက်ရန် ညွှန်ကြား ခဲ့ပါကြောင်း၊ ကျောင်းသားမိဘနှင့် ကျောင်းသား များဆောင်ရွက် ရမည့်အပိုင်း၊ ကျောင်းသူကျောင်းသားနှင့် ဆရာများ ဆောင်ရွက်ရမည့် အပိုင်း၊ ကျောင်းတာဝန်ရှိသူများ ဆောင်ရွက်ရမည့် အပိုင်းများအတွက် SOP များကို ရေးဆွဲထား ပါကြောင်း။

တစ်နိုင်ငံလုံးအနေဖြင့် ပြန်လည်ဖွင့်လှစ်မည့် အခြေခံပညာအထက်တန်းကျောင်း ၆၁၇၁ ကျောင်း၊ အထက်တန်းအဆင့် ကိုယ်ပိုင် အထက်တန်း ကျောင်း ၁၀၀၀ နှင့် ဘုန်းတော်ကြီးသင် အထက်တန်းအဆင့် စာသင်ကျောင်း ၄ ကျောင်း ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ တင်ပြချက်အရ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁ ဒသမ ၆ သန်းခန့် ရှိရာတွင် ပြီးခဲ့သည့် တနင်္လာ၊ အင်္ဂါနေ့ထိ ကျောင်းအပ်နှံမှု အနေဖြင့် ၁ ဒသမ ၀၆ သန်း အပ်နှံပြီးဖြစ်သည်ဟု သိရှိရပါကြောင်း။

SOP ပြင်ဆင်မှုအပိုင်းအနေဖြင့် ကျောင်းမလာမီနှင့် ကျောင်းပို့ချိန်၊ ကျောင်းချိန် အတွင်း၊ မုန့်စား/ ထမင်းစားနားချိန်၊ ကျောင်းဆင်းချိန်နှင့် မိဘ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ လိုက်နာရမည့် SOP (Version 1.3) ကို ပြုစုထားပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပါကြောင်း၊ ထို့ကြောင့် ကျောင်းများပြင်ဆင်ထားရှိမှုကို SOP နှင့်အညီ ပြင်၊ မပြင်နှင့် ပြင်ဆင်မှု ပြည့်စုံခြင်း ရှိ၊ မရှိကို Check-List နှင့် ကွင်းဆင်း စစ်ဆေးသွား မည်ဖြစ်ပါကြောင်း၊ ပြည့်စုံမှုရှိပါက ဖွင့်လှစ်ရန်အဆင်သင့်ဖြစ်ပါ က (A) အဆင့်၊ ထပ်မံဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်ချက်ရှိပါက(B) အဆင့်နှင့် ထပ်မံ ဖြည့်ဆည်း ဆောင်ရွက်ရန် အထူးလိုအပ်ချက်ရှိပါက (C) အဆင့် သတ်မှတ်ထား ပါကြောင်း။

ယင်းသို့ စစ်ဆေးရာတွင် (A) အဆင့် မီသည့်ကျောင်းများကို ဖွင့်လှစ်ခွင့်ပြုသွား မည် ဖြစ်ပါကြောင်း၊ စစ်ဆေးမှုအဖွဲ့များကို (၁) မြို့နယ်လျှင် ၃ ဖွဲ့နှင့် ဖွဲ့စည်းထားပါ ကြောင်း၊ ယင်းအဖွဲ့တွင်ပါဝင်သူများမှာ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ မိဘဆရာ အသင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရမှ ကိုယ်စားလှယ်များပါဝင်ပါကြောင်း၊ ယင်းပူးပေါင်းအဖွဲ့များအား ယနေ့မှစတင်ကာ စစ်ဆေးရန် ညွှန်ကြားထားပါကြောင်း၊ SOP, Guideline များနှင့်အညီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို Check List နှင့် စစ်ဆေးကာ ပြည့်ပြည့်စုံစုံ ပြင်ဆင်ထားသည့် (A) အဆင့်ကျောင်းများကို ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ပြီး (B) နှင့် (C) အဆင့်ရသည့်ကျောင်းများအား ပြန်ပြင် ဆင်စေကာ အဆင်သင့်ဖြစ်ပါက စစ်ဆေးရေး အဖွဲ့နှင့် ထပ်မံစစ်ဆေးမည်ဖြစ်ပါကြောင်း၊ ကျောင်းပြင်ပတွင် လူစု၊ လူဝေးမဖြစ်အောင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့နှင့် ပရဟိတအဖွဲ့များက ကူညီဆောင် ရွက်ပေးသွားရမည်ဖြစ်ပါကြောင်း၊ စာသင်ကျောင်းများ ဖွင့်လှစ်မည့် ညွှန်ကြားချက်နှင့် ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာတွင် သဘောထားကွဲလွဲနေမှုများ ရှိပါကြောင်း၊ ဘော်ဒါဆောင်ရှိသော ကိုယ်ပိုင်ကျောင်းများ၊ ဘော်ဒါဆောင်နှင့် ချိတ်ဆက်သည့် ကိုယ်ပိုင်ကျောင်းများ၊ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းကျောင်း၊ ယင်းကျောင်းများကို ဖွင့်လှစ်ခွင့်မပြုခြင်းဖြစ်ပါကြောင်း ဖြေကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းစာမျက်နှာတွင် အပြည့်အစုံဖော်ပြထားပါသည်။

သတင်း/ဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန သတင်းစာမျက်နှာ #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here