ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ၅၀၀ ကျပ်တန် ငွေစက္ကူပုံစံသစ်၏ ပုံသဏ္ဍာန်နှင့် အမှတ်အသားများ

1022

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ထုတ်ဝေမည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ၅၀၀ ကျပ်တန် ငွေစက္ကူပုံစံသစ်၏ ပုံသဏ္ဍာန်နှင့် အမှတ်အသားများ

ဇူလိုင်(၁၆) AlinnMyay(အလင်းမြေ)

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ထုတ်ဝေမည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငါးရာကျပ် တန်ငွေစက္ကူပုံစံသစ်၏ မျက်နှာစာဘက်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ပုံနှင့် ကျောဘက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အဆောက်အဦပုံ ရိုက်နှိပ်ထားပါသည်။ ငါးရာကျပ်တန် ငွေစက္ကူ ပုံစံသစ်အရွယ်အစားမှာ အလျား ၁၅၀ မီလီမီတာနှင့် အနံ ၇၀ မီလီမီတာရှိပါသည်။ ပေါ်လွင်သော အရောင်မှာ နီညိုရောင်ဖြစ်ပါသည်။

ငွေစက္ကူ ဆေးသားရိုက်နှိပ်ရာတွင် ဖောင်းကြွပုံနှိပ်နည်းစနစ်ဖြင့် ရိုက်နှိပ်ထားသည့်အတွက် ငွေစက္ကူ၏ တန်ဖိုးဂဏန်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်စာသားနေရာများသည် ပီပြင်ထင်ရှားသည့် အပြင် လက်ဖြင့် စမ်းသပ်ကြည့်ပါက ကြမ်းတမ်းမှုရှိကြောင်း တွေ့ရှိရပါသည်။ ငွေစက္ကူ နံပါတ်ကို မြန်မာအက္ခရာ မြန်မာဂဏန်းဖြင့် အလျားလိုက်၊ အင်္ဂလိပ်အက္ခရာ အင်္ဂလိပ်ဂဏန်းဖြင့် ဒေါင်လိုက်ရိုက်နှိပ်ထားပါ သည်။

ငွေစက္ကူ၏ မျက်နှာစာဘက်ရှိ ဘယ်/ညာအစွန်းများတွင် အမြင်အာရုံအားနည်းသူများအတွက် လက်ဖြင့် ထိတွေ့စမ်း သပ်ကြည့်ပါက အာရုံခံသိရှိနိုင်သည့် ဖောင်းကြွလိုင်းတိုမျဉ်းကြောင်းငယ်(၉)ကြောင်း စီရိုက်နှိပ် ထားပါသည်။ ငွေစက္ကူပုံစံသစ်ကို အလင်းရောင်တွင် ထောင်ကြည့်ပါက ငွေစက္ကူ မျက်နှာစာ ဘက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ၏ လက်ဝဲဘက်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံနှင့် ငွေစက္ကူ၏တန်ဖိုး ဂဏန်း ၅၀၀ ရေစာကို ရှင်းလင်းစွာတွေ့မြင်နိုင်ပါသည်။

ငွေရောင်လုံခြုံရေးကြိုးအား တစ်ဝက်ဖုံးတစ်ဝက်ပေါ် ဒေါင်လိုက်မြှုပ်နှံထားပါသည်။ ငွေစက္ကူ မျက်နှာစာ၏ လက်ယာဘက်ရှိ မြန်မာစာသား “ငါးရာကျပ်” နံဘေး နီညိုရောင်ဧရိယာအား ၄၅ ဒီဂရီခန့် တိမ်းစောင်းကြည့် ပါက အင်္ဂလိပ်အက္ခရာ “CBM” များကို တွေ့မြင်နိုင်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငါးရာကျပ်တန်ငွေစက္ကူပုံစံသစ်အား ရုံးဖွင့်ရက်ဖြစ်သော (၂၁-၇-၂၀၂၀) ရက်နေ့မှစ၍ ဘဏ်များမှ ဖြန့်ဝေပေးသွားမည်ဖြစ်ပါသည်။ လက်ရှိသုံးစွဲလျက်ရှိသော ငါးရာကျပ်တန်ငွေ စက္ကူများသည်လည်း တရားဝင်ငွေအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ပါသည်။

သတင်း/ဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန သတင်းစာမျက်နှာ
#AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here