အင်းစိန်မြို့နယ်တွင် ကလေးခိုးတဲ့အမျိုးသမီးတစ်ဦး ဖမ်းဆီးရမိ

685

အင်းစိန်မြို့နယ်တွင် ကလေးခိုးမှုကျူးလွန်သူ အမျိုးသမီး (၁)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသာကြီး ရဲတပ်ဖွဲ့ သတင်းစာမျက်နှာတွင် ဖော်ပြထားပါသည်။

အမှုမှာ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ ထန်းပင်ကုန်းအုပ်စု၊ စံပယ်လမ်း၊ အမှတ် (၁၁၆)နေ တရားလို ဒေါ်—–သည် မီးဖွားရက်နီး၍ ၉.၇.၂၀၂၀ ရက်နေ့တွင် အင်းစိန်ဆေးရုံကြီးသို့ တက်ရောက်ကုသခဲ့ကြောင်း၊ ၁၀.၇.၂၀၂၀ ရက်နေ့ ၀၀၀၄ အချိန်တွင် သမီးလေးမွေးဖွားခဲ့ကြောင်း၊ ကလေးမွေးပြီးနောက် အသက်(၅၀)နှစ်ခန့်ရှိ အမည်မသိအမျိုးသမီး(၁)ဦးက ၎င်းအား ဝေယျာဝေစ္စများ ဝိုင်းဝန်းကူညီလုပ်ပေးခဲ့ကြောင်း၊ ၁၁.၇.၂၀၂၀ ရက်နေ့ ၀၆၀၀ အချိန်တွင် အဆိုပါ အမည်မသိအမျိုးသမီးက ကလေးအား ကာကွယ်ဆေး ထိုးရမည်ဟု ပြောဆို၍ ခေါ်ဆောင်သွားပြီး ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးသွားသောကြောင့် ကလေးငယ်အား ခိုးယူသွားသူ အမည်မသိအမျိုးသမီးအား စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် ၁၄.၇.၂၀၂၀ ရက်နေ့တွင် အင်းစိန်မြို့မရဲစခန်း၌ အမှုဖွင့်တိုင်တန်းမှုဖြစ်ကြောင်း၊

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ သတင်းရလျှင်ရချင်း ထူးခြားဖြစ်စဉ်ဖြစ်၍ ပြစ်မှုကျူးလွန်သူနှင့် ပျောက်ဆုံးကလေး အမြန်စုံစမ်းရှာဖွေရန် လမ်းညွှန်ချက်နှင့်အညီ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးက အနီးကပ် ကြီးကြပ်၍ ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းရှာဖွေရာ ၂၃၀၀ အချိန်တွင် မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းအုပ်စု၊ ဝါးဖြူတောကျေးရွာ၊ လေထီးလမ်း နေ ဒေါ်စန်းစန်းမိုး ကို ၎င်း၏နေအိမ်၌ ခိုးယူသွားသည့် ကလေးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးရမိသူ ဒေါ်စန်းစန်းမိုး အား စစ်ဆေးရာ ၎င်းသည် ခင်ပွန်း ဦး—–နှင့် အတူ လက်ထပ် ပေါင်းသင်းခဲ့ပြီး ကလေးရရှိခြင်းမရှိသောကြောင့် လင်မယားချင်း နေ့စဉ်စကားများနေခဲ့ရကြောင်း၊ ၉.၇.၂၀၂၀ ရက်နေ့တွင် နေအိမ်မှထွက်ခဲ့ပြီး အင်းစိန် အမျိုးသမီးသားဖွားမီးယပ်ဆောင်သို့ သွားရောက် ခဲ့ကာ ၁၁.၇.၂၀၂၀ ရက်နေ့တွင် အဆိုပါ ကလေးခိုးမှုကိုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက် သဖြင့် ၎င်းကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

သတင်း/ဓာတ်ပုံ-ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ သတင်းစာမျက်နှာ

LEAVE A REPLY

Please enter your comment!
Please enter your name here