ကပ္ပိယမှ နင်းမိလိုက်သော မိုင်းပေါက်ကွဲပြီး ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ၊ ကပ္ပိယလည်း သေဆုံးပြီး သံဃာတော် ၁ ပါး ဒဏ်ရာရရှိ
ဇူလိုင်(၁၅) AlinnMyay(အလင်းမြေ)
နမ့်ခမ်းမြို့နယ်၊ လော့နော်ကျေးရွာ၌ မိုင်းနင်းမိ၍ သံဃာတော် ၁ ပါးနှင့် ကပ္ပိယ ၁ ဦး မိုင်းစထိမှန် သေဆုံး၊ သံဃာတော် ၁ ပါး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ၂၀၂၀ ခုနှစ် ဇူလိုင်လ (၁၅)ရက်နေ့မှာ ဖော်ပြထားပါတယ်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်၊ လော့နော်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ၊ ရှင်သာမဏေတစ်ပါးနှင့် နှင့် ကပ္ပိယတစ်ဦးတို့သည် ဇူလိုင် ၁၄ ရက်ညနေ ၆ နာရီခွဲခန့်တွင် ကျေးရွာရှိရေအား လျှပ်စစ်မှ ဘုန်းတော်ကြီးကျောင်းသို့ သွယ်တန်းထားသောမီးကြိုးများအား လိုက်လံစစ်ဆေးစဉ် ရွာဦးစေတီ၏အနောက်ဘက် မီတာ ၂၀ ခန့်အကွာသို့အရောက်၌ သောင်းကျန်းသူ(စိစစ်ဆဲ)အဖွဲ့က ထောင်ထားသည့် မိုင်းဟောင်း ၁ လုံးအား ကပ္ပိယက နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းနှင့် ကျောင်းထိုင်ဆရာတော်တို့ မိုင်းစထိမှန် ဒဏ်ရာများဖြင့် သေဆုံး၊ ပျံလွန်တော်မူခဲ့ပြီး ရှင်သာမဏေတွင် မိုင်းစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊
အဆိုပါ မိုင်းထိလူနာအား ကျေးရွာကျေးလက်ကျန်းမာရေးဌာနတွင် လိုအပ်သည့် ဆေးဝါးကုသမှုများခံယူလျက်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။
သတင်း/ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာမျက်နှာ
#AlinnMyay(အလင်းမြေ)#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ