လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရေးအတွက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြား

660

လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရေးအတွက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြား

ဇူလိုင်(၈) AlinnMyay(အလင်းမြေ)

နိုင်ငံတော်သမ္မတဦးဝင်းမြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ကော်မရှင်အဖွဲ့ဝင်များအား တွေ့ဆုံလမ်းညွှန်မှာကြားခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ချက်များအရသိရသည်။

(သတင်းထုတ်ပြန်ချက်အပြည်အစုံ)

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များအား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ တွေ့ဆုံပြီး လာမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေးအတွက် လိုအပ် သည်များကို လမ်းညွှန်မှာကြားသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးမင်းသူ၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးကျော်တင်၊ ဒေါက်တာ ဖေမြင့်၊ ဦးသန့်စင်မောင်၊ ဦးသိန်းဆွေ၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေးနှင့် ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်ရှင် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်၊ ဦးမြင့်နိုင်၊ ဦးသန်းဌေး၊ ဦးညွန့်စိန်၊ ဦးသက်ထွန်း၊ ဦးမြင့်အောင်၊ ဦးစောဒယ်နီရယ်ကြည်၊ ဦးအောင်စိုးဝင်း၊ ဦးသန်းအောင်၊ ဦးမင်းဆွေနှင့် ဦးဆွေတင့်လွင် တို့ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတက လမ်းညွှန်စကားပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတစွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ခေါ်ယူတွေ့ဆုံခြင်း ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံကို ဒီမိုကရေစီနိုင်ငံတည်ဆောက်မည်ဟု သန္နိဋ္ဌာန်ချထားပြီး ဖြစ်ပါကြောင်း၊ ဒီမိုကရေစီနိုင်ငံ တည်ဆောက်မည်ဆိုပါက ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲသည် များစွာအခြေခံကျပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲများကို ဥပဒေနှင့်အညီ လွတ်လပ်ရမည်၊ ဥပဒေနှင့်အညီ တရားမျှတရမည်၊ ပွင့်လင်းမြင်သာမှုရှိစေရမည်၊ အများယုံကြည်လက်ခံနိုင်မှုရှိစေရမည်၊ မဲဆန္ဒရှင်ပြည်သူများ ၏ ဆန္ဒနှင့်မဲရလဒ် တစ်ထပ်တည်းဖြစ်စေရမည်ဟု စံ (၅) ချက်သတ်မှတ်ထားပါကြောင်း။

ယင်းစံ (၅) ချက်အတိုင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ အနေဖြင့်လည်း သမာသမတ်ကျကျ တက်ညီလက်ညီ အားလုံး လုပ်ကိုင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ဆက်စပ်ဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများအနေဖြင့်လည်း မိမိတို့ကြရာကဏ္ဍကနေ ပံ့ပိုးကူညီပေးကြစေလိုပါကြောင်း။

ရွေးကောက်ပွဲဥပဒေတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် ယာယီ သက်သေခံလက်မှတ်ကိုင်ဆောင်သူများ မဲပေးခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ယင်းအခွင့်အရေးအရ မဲပေးခွင့်ရှိသူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်နှင့် မဲပေးနိုင်အောင် စီစဉ်ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ မဲပေးပိုင်ခွင့် ဆုံးရှုံးခြင်းသည် နိုင်ငံသား တစ်ယောက်၏ အခွင့်အရေး၊ မွေးရာပါအခွင့်အရေး ဆုံးရှုံးခြင်းဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် လူအခွင့်အရေးဆုံးရှုံးခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မဲပေးခွင့် မဆုံးရှုံးရအောင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဂရုစိုက်ဆောင်ရွက်နေသကဲ့သို့ သက်ဆိုင်ရာဌာန အားလုံးကလည်း ဂရုစိုက်ကြရမည်ဖြစ်ပါကြောင်း။

တပ်မတော်သားများ၊ နိုင်ငံပြင်ပရောက်နေသည့် ပုဂ္ဂိုလ်များနှင့် မသန်စွမ်းများ ကိုလည်း မဲပေးပိုင်ခွင့် မဆုံးရှုံးအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ မဲပေးပိုင်ခွင့်ရရှိအောင် ဆောင်ရွက်ပေးရာတွင်လည်း ဥပဒေ၊ နည်းဥပဒေအတိုင်းသာ ဆောင်ရွက်ကြရန်လိုကြောင်း၊ ကြိုတင်မဲများပေးရာတွင်လည်း ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဆန္ဒမဲများ ရေတွက်ရာတွင်လည်း မဲရုံအဖွဲ့ဝင်များ၊ မဲရုံ ကိုယ်စားလှယ်များနှင့် ပြည်သူများ၏ရှေ့မှောက်၌ နည်းလမ်းစနစ်တကျ ပွင့်လင်းမြင်သာစွာ ရေတွက်ကြရန်လိုပါကြောင်း။

မည်သူမဆို ဆန္ဒမဲပေးပိုင်ခွင့်၊ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ကို အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်ဩဇာသုံးခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ လာဘ်ပေးလာဘ်ယူခြင်း၊ လူမျိုးရေး၊ ဘာသာရေးကို အကြောင်းပြပြီး ဆန္ဒမဲပေးရန်၊ မပေးရန် ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက်ထုတ်ခြင်း၊ အားပေးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒမဲပေးခြင်းကို ပျက်ပြားစေရန်၊ ရွေးကောက်ပွဲကို ပျက်ပြားစေရန် ဟောပြောခြင်း၊ လှုံ့ဆော်ခြင်း၊ ရေးသားခြင်း၊ ဖြန့်ချိခြင်း၊ အခြားတစ်နည်းနည်းဖြင့် အားထုတ်ကြိုးပမ်းဆောင်ရွက်ခြင်း စသည့် ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများကိုလည်း ဥပဒေနှင့်အညီကိုင်တွယ်ကြ၍ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ထို့အတူ တရားမဲ့ပြုကျင့်မှုများ မဖြစ်စေရန်လည်း ကြပ်မတ်ကြရန် လိုအပ်ပါကြောင်း။

ပြည်ပရောက်မဲဆန္ဒရှင်များ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး၊ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး အတွက်လည်း စနစ်တကျ စီမံထားစေလိုကြောင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ထမ်းများအနေဖြင့်လည်း မဲဆန္ဒရှင်စာရင်း တိကျမှန်ကန် စေရေးအတွက် ပြင်ဆင်၊ ဖြည့်စွက်၊ နုတ်ပယ်ခြင်းများကို ဆက်လက်ဆောင်ရွက် နေရန် လိုအပ်ပါကြောင်း၊ လုံခြုံရေး စီမံခန့်ခွဲမှုအဆင့်ဆင့် ဖွဲ့စည်းခြင်း၊ နယ်မြေအခြေအနေနှင့် လုံခြုံရေးဆိုင်ရာ သုံးသပ်ချက်များကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့ကြစေလိုပါကြောင်း၊ အချို့သင်တန်း ကျောင်းများတွင် သတ်မှတ်ချက်နှင့်အညီ မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲပေး နိုင်ရေးကိုလည်း ကူညီဆောင်ရွက်ပေးရန် လိုပါကြောင်း။

နိုင်ငံသားတိုင်း နိုင်ငံသား အခွင့်အရေး မဆုံးရှုံးစေရေး၊ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး အတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်း၊ ရုပ်သံများ၊ ဇာတ်လမ်းများနှင့် သီချင်းများ ထုတ်လွှင့်စေလိုပါကြောင်း၊ ကော်မရှင်က ထုတ်ပြန်သည့် ညွှန်ကြားချက်များ၊ ကြေညာချက်များ နှင့် အမိန့်များကို သတင်းစာများတွင် ထည့်သွင်းဖော်ပြပေးစေလိုပါကြောင်း၊ နိုင်ငံသားများ မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် အသက် (၁၈) နှစ် ပြည့်ပြီး သတ်မှတ်ချက်နှင့်ညီညွတ်သည့် မှတ်ပုံတင်မရှိသေးသူများကို စီမံချက်ချ၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်းကာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက မြေပြင်ကွင်းဆင်း၍ ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ဖြစ်နိုင်ပါက အိမ်ထောင်စုလူဉီးရေစာရင်းကိုလည်း လုပ်ထုံး လုပ်နည်းနှင့်အညီ ထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးစေလိုကြောင်း၊ ကျောင်းဆရာ၊ ဆရာမ များအား မဲရုံမှူး၊ ဒုမဲရုံမှူး နှင့် မဲရုံအဖွဲ့ဝင်များ ခန့်အပ်နိုင်ရေး ကူညီဆောင်ရွက်ပေးစေ လိုကြောင်း၊ ယင်းဆရာ၊ ဆရာမတို့အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ညှိနှိုင်းပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတို့ကို သင်တန်းများပေးရန်လိုပါကြောင်း၊ ကျန်းမာရေး ဝန်ထမ်းများအနေဖြင့်လည်း COVID-19 ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာနည်းလမ်းများနှင့်အညီ ရွေးကောက်ပွဲကျင်းပနိုင်ရန် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ အမုန်းစကားများ၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ထိခိုက်စေသည့် စကားများ၊ လူမျိုးရေးဘာသာရေးပဋိပက္ခဖြစ်စေသည့် စကားများကို ဆက်သွယ်ရေးဘက်က ဖယ်ရှားရန်လိုပါကြောင်း။

ရှေ့နေချုပ်ရုံးမှ ဥပဒေအရာရှိများကလည်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက လိုအပ်သည့်အခါ ဥပဒေအကြံဉာဏ် တောင်းလာပါက ပေးရန်လိုပါကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်က ဆင့်ပွားသင်တန်းများပေးသည့်အခါ သင်တန်းနည်းပြများအဖြစ် ကူညီကြစေ လိုကြောင်း၊ ရွေးကောက်ပွဲ ကုန်ကျစရိတ်များ တင်သွင်းသည့်အခါတွင် သတ်မှတ်ချက်များ နှင့်အညီ ဖြစ်စေရန် ဂရုစိုက်ပေးစေလိုပါကြောင်း၊ ယင်းကိစ္စရပ်များကို ဂရုစိုက်ဆောင်ရွက် မည်ဆိုပါက လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှတသော၊ ပွင့်လင်း မြင်သာသော၊ အများယုံကြည်လက်ခံနိုင်သော ရွေးကောက်ပွဲဖြစ်စေရန် ဆောင်ရွက်နေမှု၊ ကော်မရှင်အဖွဲ့ခွဲများ၏ တာဝန်နှင့် ဝန်ထမ်းအင်အားလိုအပ်ချက်၊ ဆက်စပ်ဝန်ကြီးဌာန များ၏ ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ပေးရမည့် အခြေအနေများနှင့် ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအလွန်ကာလတို့တွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စု ရှေ့နေချုပ်တို့က ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများနှင့် ဌာနအလိုက် ဝိုင်းဝန်းပူးပေါင်း ပံ့ပိုးကူညီ ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတက ရှင်းလင်းတင်ပြချက်များအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန်နှင့် ရွေးကောက်ပွဲဥပဒေ နှင့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားသည်။

သတင်းဓာတ်ပုံ-နိုင်ငံတော်သမ္မတရုံးစာမျက်နှာ
#AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here