ဖားကန့် မြေပြိုမှုတွင် ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများရဲ့ မိသားစုဝင်များအား တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများက ထောက်ပံ့

717

ဖားကန့် မြေပြိုမှုတွင် ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများရဲ့ မိသားစုဝင်များအား တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများက ထောက်ပံ့

ဇူလိုင်(၄) AlinnMyay(အလင်းမြေ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာရှိ ကျောက်မျက်လုပ်ကွက်အတွင်း မြေသားပြိုကျမှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူများနှင့် မိသားစုဝင်များအား တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများက ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ စာမျက်နှာတွင် ဇူလိုင်လ ၃ ရက်နေ့ ကဖော်ပြထားချက်များအရသိရသည်။

အဆိုပါဖော်ပြချက်တွင် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂ ရက်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါ ကျေးရွာအနီး ကျောက်မျက်လုပ်ကွက်၌ မြေသားပြိုကျမှုကြောင့် ကျောက်ရှာဖွေသူများမှ သေဆုံးသူ ၁၇၂ ဦးနှင့် ဒဏ်ရာရရှိသူ ၃၁ ဦးရှိခဲ့ကြောင်း၊ အဆိုပါ သေဆုံး၊ ဒဏ်ရာရရှိသူများနှင့် မိသားစုဝင်များအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် ဖားကန့်မြို့နယ်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဖားကန့်မြို့နယ်၊ ဝှေခါမြေပြိုမှု ရှာဖွေ၊ ကယ်ဆယ်ကူညီရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း၊

ထောက်ပံ့ပေးအပ်ပွဲတွင် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းငွေကျပ်သိန်း ၅ဝဝ ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ထောက်ပံ့ပေးအပ်သော ဆန် ၁ဝဝ အိတ်၊ ဆီ ၂၃၂ ပိဿာ၊ ပဲ ၃ဝဝ ပိဿာ၊ ဆား ၂ အိတ်နှင့် စားသောက်ဖွယ်ရာများကို တိုင်းမှူးနှင့် တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ ဝှေခါမြေပြိုမှု ရှာဖွေ၊ ကယ်ဆယ်ရေးကော်မတီမှ တာဝန်ရှိသူများကလက်ခံရယူကြကြောင်း၊

ထို့နောက် ဖားကန့်ပြည်သူ့ဆေးရုံ၌ ဆေးရုံတက်ရောက်ကုသနေသော မြေပြိုမှုအန္တရာယ်မှလွတ်မြောက်ခဲ့သည့် ဒဏ်ရာရရှိသူများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံအားပေးပြီး စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။ ၎င်းအပြင် နယ်မြေခံတပ်မတော်ဆေးရုံမှ ပါရဂူဆေးမှူးများပါဝင်သော ဆေးကုသရေးအဖွဲ့ကလည်း ဝိုင်းဝန်းပေါင်းစပ်ကုသပေးလျက်ရှိသည်။ ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် မြေပြိုကျမှု ဖြစ်ပွားခဲ့သည့်နေရာတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းဖော်ပြထားပါသည်။

သတင်း ဓာတ်ပုံ – တပ်မတော်သတင်းမှန်ပြန်ကြားရေး စာမျက်နှာ #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here