ရဲတပ်ကြပ်ကြီးတစ်ဦး တာဝန်ထမ်းဆောင်နေစဉ် ဓားထိုးခံရ၍ သေဆုံး

559

ရဲတပ်ကြပ်ကြီးတစ်ဦး တာဝန်ထမ်းဆောင်နေစဉ် ဓားထိုးခံရ၍ သေဆုံး

ဇွန်(၃၀) AlinnMyay(အလင်းမြေ)

စစ်တွေမြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီးတစ်ဦးကို ဓားဖြင့် ထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး သတင်းစာမျက်နှာတွင် ဇွန်လ (၃၀)ရက်နေ့ ရက်စွဲဖြင့် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ရဲတပ်ကြပ်ကြီး မောင်မောင်သန်း(ဘ)ဦးမောင်ကြာအောင်သည် ဇွန် ၂၉ ရက် ည ၈ နာရီ ၅ မိနစ်ခန့်တွင် စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်၊ အကွက်(၃)၊ မဏိပူရလမ်းရှိ ၎င်း၏ နေအိမ်သို့ လာရောက်စဉ် နေအိမ်အဝင်ဝ၌ အသင့်စောင့်ဆိုင်းနေသည့် အမည်မသိ အမျိုးသား ၂ ဦးက အသင့်ပါလာသော သံတုတ်၊ ဓားမြှောင်တို့ဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း၊

အဆိုပါတိုက်ခိုက်မှုကြောင့် ရဲတပ်ကြပ်ကြီး မောင်မောင်သန်း၏ ဝမ်းဗိုက်ဝဲဘက်တွင် ထိုးသွင်းဒဏ်ရာ ၄ ချက်၊ ဝဲဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာ ၂ ချက်၊ ဝဲဘက်နံဘေးတွင် ထိုးသွင်းဒဏ်ရာ ၁ ချက်တို့ ရရှိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

ထို့နောက်တွင် အဆိုပါဒဏ်ရာရ ရဲတပ်ကြပ်ကြီး မောင်မောင်သန်းအား ည ၈ နာရီ ၂၅ မိနစ်ခန့်တွင် စစ်တွေပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ အတွင်းလူနာအဖြစ် ဆေးကုသပေးလျက်ရှိစဉ် ည ၈ နာရီ ၄၀ မိနစ်ခန့်တွင် ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်းနှင့် သေဆုံးမှုနှင့်ပတ်သက်၍ တရားခံအား ဖမ်းဆီးရမိရေး စစ်တွေမြို့မရဲစခန်း၌ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဆက်လက်ဖော်ပြထားသည်။

သတင်း ဓာတ်ပုံ – တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့
#AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here